DVB Logo
Home
မြန်မာသတင်း
တပ်သားသစ်စုပေးနေသည့် အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု TNLA သတိပေး
DVB
·
March 19, 2024
တပ်သားသစ်စုပေးနေသည့် အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု TNLA သတိပေး
1 / 4
Donate to DVB

လူထုဆန္ဒကို ဆန့်ကျင်ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းပေးတဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က ဒီနေ့ မတ် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာစစ်ကောင်စီဟာ အတန်အသင့် တည်ငြိမ်အေးချမ်းနေပြီဖြစ်တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ စစ်ဒေသထဲက လားရှိုး၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တို့မှာ စစ်မှုထမ်းဖို့အတွက် အဓမ္မ စစ်သားစုဆောင်းနေတယ်လို့ ပြည်သူတွေက PSLF/TNLA ဆီကို တိုင်ကြား အကူအညီ တောင်းခံလာတယ်လို့ ဆိုပါတယ်။

ရပ်ကွက်၊ ကျေးရွာနဲ့ အုပ်စုအုပ်ချုပ်ရေးမှူးတွေကို သတ်မှတ်ထားတဲ့ တပ်သားသစ် ဦးရေအတိုင်း စစ်ကောင်စီတပ်ဆီကို ကောက်ခံပို့ဆောင်ပေးဖို့ ချမှတ်ထားပြီး တချို့နေရာတွေက ရပ်ရွာအုပ်ချုပ်ရေးမှူးတွေဟာလည်း စစ်ကောင်စီရဲ့ အဓမ္မဖိအားပေး ခိုင်းစေတာကို မလွှဲမရှောင်သာ စတင်အကောင်အထည်ဖော်နေပြီလို့ သိရကြောင်းလည်း ဆိုပါတယ်။

အခုလို အဓမ္မ ဖိအားပေး စုဆောင်းတာကို မြို့မိမြို့ဖတွေ အပါအဝင် PSLF/TNLA က လက်မခံဘဲ တကယ်လို့ အုပ်ချုပ်ရေးမှူးတယောက်ယောက်ဟာ လူထုဆန္ဒကို ဆန့်ကျင်ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းပေးမယ်ဆိုရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေး ထုတ်ပြန်လိုက်ပါတယ်။

မတ် ၁၈ ရက် မနေ့ကလည်း PSLF/TNLA တပ်မဟာ ၄ စစ်ဒေသ၊ နမ္မတူမြို့က ဒေသခံ လူထုတွေကို တအာင်းတပ်မတော် PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က သွားရောက်တွေ့ဆုံခဲ့ပြီး PSLF/TNLA အပြည့်အဝ ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ အပါအဝင် မန်တုံနဲ့ နမ့်ဆန်မြို့တို့ကို စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေး ကြေညာထားလို့ ဒေသခံလူထုအကြား စိုးရိမ်ထိတ်လန့်တာတွေ ရှိနေတဲ့အပေါ် ဖြစ်နိုင်ဖွယ်ရာ အခြေအနေတွေကို အသေးစိတ် ရှင်းလင်းပြောကြားပြီး ပြည်သူတွေအနေနဲ့ အမြဲတစေ ဂရုပြုဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကို အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဂျား၊ အုပ်ချုပ်ရေး ဒုဌာနမှူး ဒုဗိုလ်မှူးကြီး တားအိုက်ကျော်တို့လည်း တက်ရောက်ခဲ့ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆင်နွှဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအကြောင်း၊ PSLF/TNLA ရဲ့ ပေါ်လစီ မူဝါဒလမ်းစဉ်တွေနဲ့ နမ္မတူမြို့နယ်မှာ ဆောင်ရွက်သွားမယ့် ပညာ‌ရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေအကြောင်း ရှင်းလင်းပြောပြခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံ - နမ္မတူမြို့ လူထုတွေ့ဆုံပွဲ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013