
နွေဦးတော်လှန်ရေးရဲ့ စစ်ရေးနဲ့ နိုင်ငံရေးကို တပေါင်းတည်းချိတ်ဆက် ဖော်ဆောင်ဖို့အတွက် NUG၊ KNU နဲ့ KIA တို့လို အင်အားကြီးတော်လှန်ရေးအစုအဖွဲ့တွေ ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အနေနဲ့ ကြိုးပမ်းလာပါတယ်။ ဒီအခြေအနေမှာပဲ SCEF ရဲ့ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးကော်မတီ ဖွဲ့စည်းမှုက အဓိကကျတဲ့ခြေလှမ်းတခု ဖြစ်လာနေပါတယ်။
ဒီကော်မတီကို အစုအဖွဲ့အသီးသီးက စေလွှတ်တဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားပြီး ဩဂုတ် ၈ ရက်မှာတော့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့က ထိပ်ပိုင်းပုဂ္ဂိုလ်တွေကို ပူးတွဲဥက္ကဋ္ဌခန့်အပ်ခဲ့ပါတယ်။
NUG ရဲ့ ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူး တာဝန်ယူထားပြီး တွဲဖက်အဖြစ် CNF ဘက်က ပုဂ္ဂိုလ်တွေ ပါဝင်တယ်လို့ ဆိုပေမဲ့ KNPP က ဒီကော်မတီမှာ ဘယ်လိုနေရာက ပါဝင်တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
စစ်ရေးဖော်ဆောင်ရာမှာတော့ စစ်တိုင်းနယ်မြေတွေ သတ်မှတ်ပြီး စစ်ဒေသအလိုက် ကိုင်တွယ်သွားဖို့ ရှိတယ်လို့ ပါဝင်ပတ်သက်သူတွေက ပြောပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး SCEF တာဝန်ရှိသူ ၄ ယောက်ထက်မနည်းကို DVB က ဆက်သွယ်ပေမဲ့ လတ်တလော ဖြေဆိုဖို့မရှိသေးကြောင်း ပြောပါတယ်။
SCEF အတွင်းရေးမှူး ဒေါက်တာဇော်ဝေစိုးက “SCEF အနေနဲ့ Steering Council အနေနဲ့ နိုင်ငံရေးအရရော စစ်ရေးအရရော ကျနော်တို့ ပေါင်းစပ်ပြီးတော့ အစွမ်းကုန်ကြိုးစားပြီး လုပ်နေပါတယ်လို့... ခြုံငုံပြီးဖြေရရင်တော့ ကျနော်တို့ အလုပ်လုပ်နေတယ်။ ကြိုးစားပြီး လုပ်နေတယ်။ နိုင်ငံရေးရော၊ စစ်ရေးရော ကျနော်တို့ ကြိုးစားပြီးလုပ်နေတယ်ဆိုတဲ့ သဘောပါ” လို့ ပြောပါတယ်။
အလားတူ လူမျိုးတိုင်း ကိုယ့်ကံကြမ္မာ ကိုယ်ဆုံးဖြတ်နိုင်ခွင့် ရရှိရေးအတွက် SCEF ရဲ့ ပေါင်းစည်းမှုအောက်မှာ နိုင်ငံရေး၊ စစ်ရေးကို မရပ်မနားလုပ်ဆောင်နေတယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း ဩဂုတ် ၁၀ ရက်နေ့မှာ ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေကြား နိုင်ငံရေးဦးဆောင်မှုနဲ့အတူ စစ်ရေးဗျူဟာတွေကို ချိတ်ဆက်ကွပ်ကဲမဲ့ ဒီခြေလှမ်းသစ်ဟာ နွေဦးတော်လှန်ရေးရဲ့ အဓိကလိုအပ်ချက်ဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒါပေမဲ့ အပေါ်ယံ စုဖွဲ့မှုထက် မြေပြင်မှာ လက်တွေ့ကျကျ ချိတ်ဆက်နိုင်ဖို့က အရေးကြီးဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ပြောခွင့်ရသူ ကိုနောင်ရိုးက ပြောပါတယ်။
“SCEF က ပြင်ဆင်လာတဲ့ ခြေလှမ်းဟာ ဒီနွေဦးတော်လှန်ရေးအတွက်တော့ အင်မတန် ကောင်းမွန်တဲ့ အရွေ့၊ ဒီ အဓိက လိုအပ်နေတဲ့ အခင်းအကျင်း အရွေ့၊ ကောင်းမွန်တဲ့ ခြေလှမ်းလို့ ကျနော်တို့ ရှုမြင်တယ်၊ ဒီလိုပဲ ရှုမြင်တယ်ပေါ့နော်။ သို့သော်လည်းပဲ မြေပြင်မှာ ကျနော်တို့ ဘယ်လောက်အထိ လက်တွေ့ကျကျ၊ ထိထိရောက်ရောက် ပေါင်းစပ်ချိတ်ဆက် ဖော်ဆောင်နိုင်မလဲ။ ဥပမာပေါ့နော် ဒီစစ်ရေးကော်မတီက ချမှတ်လိုက်တဲ့ စစ်ရေးဗျူဟာတွေ၊ ပေါ်လစီတွေကို သူ့ရဲ့ သက်ဆိုင်ရာ အစုအဖွဲ့တွေမှာရှိတဲ့ တပ်ဖွဲ့တွေက ဘယ်လိုပေါင်းစပ် ဖော်ဆောင်နိုင်မလဲ ဆိုတဲ့ဟာကတော့ ကျနော်တို့ ဆက်လက် စောင့်ကြည့်ရမယ် ထင်ပါတယ်။”
တဖက်မှာလည်း စစ်အာဏာရှင်က တိုင်းရင်းသားအင်အားစုတချို့ကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားနေတာကြောင့် တော်လှန်ရေး အင်အားစုတွေအနေနဲ့ ဒီထက်ပိုပြီး မြန်ဆန်ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ လိုအပ်နေပါတယ်။
တိုင်းရင်းသားရေးကျွမ်းကျင်သူ ခွန်သောမတ်စ်ကလည်း SCEF ကိုရော၊ စစ်ရေးကော်မတီကိုပါ ကြိုဆိုပေမဲ့ ထိရောက်တဲ့ လက်တွေ့အကောင်အထည်ဖော်မှုတွေ လိုအပ်တယ်လို့ပြောပါတယ်။
“အခု SCEF ကနေပြီးတော့ ဖွဲ့လိုက်တဲ့ဥစ္စာကတော့ ကြိုဆိုတယ်၊ ထောက်ခံတယ်။ ဒါပေမဲ့ နှေးနေသလားလို့တော့ ကျနော်တို့ကတော့ အယူအဆ လို့ရတယ်။ ဒီကာလမှာပေါ့နော် စစ်အစိုးရအနေနဲ့လည်း သူ့ရဲ့ လက်အောက်မှာ ရှိတဲ့ ပြည်သူ့စစ်တို့၊ BGF တို့ ဒါမှမဟုတ် အထူးဒေသတို့ကိုလည်း သူ အပြိုင်အဆိုင် ခေါ်နေတဲ့ ကာလသွားတွေ့နေရတယ်သိလား။ အဲတာလိုမျိုးကြောင့်မို့လို့ ဒီ SCEF အဖွဲ့ကလည်း အခုစုဖွဲ့မှုက ဒီထက် ပိုမိုထိရောက် မြန်ဆန်တဲ့ လုပ်ဆောင်မှုတွေ action တွေ လိုအပ်တယ်လို့ ကျနော်တို့မြင်တယ်။ ဒီထက်နှေးရင်တော့ ဒီစစ်အစိုးရကနေ တခြားသောတိုင်းရင်းသား မဟာမိတ်အဖွဲ့တွေကို ဆွဲစိတယ်လို့ ပြောလို့ရမလား၊ ဒါမှမဟုတ် စည်းရုံးရေးအားကောင်းသွားမှာလား အဲဒါကလည်း စိုးရိမ်ရမဲ့အချက်ထဲမှာ ပါတာပေါ့နော်။ အဲဒီကာလကြားမှာ SCEF အနေနဲ့လည်း လျှို့ဝှက်တဲ့ကိစ္စတွေလည်းဖြစ်ရင် ဖြစ်မယ်၊ ဒါပေမဲ့ တခြားမလျှို့ဝှက်သင့်တဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အပေါ်မှာ ထိရောက်တဲ့ စကားတွေ ပေးသင့်တယ်လို့တော့ ကျနော်တော့ မြင်တယ်။”
ဒီကော်မတီဟာ မြေပြင်မှာ တကယ်လက်တွေ့ကျကျ ချိတ်ဆက်နိုင်မယ်ဆိုရင် စစ်အာ ဏာရှင်ဆန့်ကျင်ရေး ပိုမိုအားကောင်းလာမှာဖြစ်သလို၊ နိုင်ငံတကာရဲ့ ထောက်ခံမှုတွေကိုလည်း ပိုမိုရရှိလာနိုင်မယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။
ဒါ့အတူ နောင်လာမဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း ဒီစုဖွဲ့မှုကနေ အခြေခံအုတ်မြစ်ဖြစ်လာဖို့ကို မျှော်လင့်နေကြပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို KIO၊ KNU၊ CNF၊ KNPP၊ CRPH နဲ့ NUG တို့က ဦးဆောင်ပြီး ပြည်နယ်၊ ဖက်ဒရယ်ယူနစ်၊ EROs၊ ပြည်သူ့ကိုယ်စားလှယ်နဲ့ အမျိုးသမီးမဏ္ဍိုင်ကသူတွေ ပါဝင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။










