DVB Logo
Home
မြန်မာသတင်း
စစ်သင်တန်း အဓမ္မတက်ခိုင်းပြီး ရှေ့တန်းပို့ခံရသည့် ရိုဟင်ဂျာများ၏ အလောင်းပြန်ပို့  
DVB
·
March 14, 2024
စစ်သင်တန်း အဓမ္မတက်ခိုင်းပြီး ရှေ့တန်းပို့ခံရသည့် ရိုဟင်ဂျာများ၏ အလောင်းပြန်ပို့  
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က စစ်သင်တန်း အဓမ္မတက်ခိုင်းပြီး ရှေ့တန်းပို့လိုက်တဲ့ ရိုဟင်ဂျာလူငယ်တွေ သေဆုံးခဲ့ရပြီး အလောင်းခုနှစ်လောင်း စစ်တွေဒုက္ခသည်စခန်းကို  မတ် ၁၄ ရက်က ပြန်ပို့လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေ ဒုက္ခသည်စခန်းနဲ့ ရိုဟင်ဂျာကျေးရွာတွေမှာ နေထိုင်တဲ့ ရာနဲ့ချီတဲ့ လူငယ်တွေကို  စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ စစ်မှုထမ်းဖို့ အဓမ္မခေါ်ဆောင်သွားပြီး ၁၅ ရက်ကြာ စစ်သင်တန်းပေးခဲ့တာပါ။

မတ် ၁၂ ရက်မှာ ရသေ့တောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေနဲ့အတူ ရိုဟင်ဂျာတွေလည်း သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၃ ရက် ညနေ ၃ နာရီလောက်မှာ စစ်တွေမြို့နယ်ထဲက သက္ကယ်ပြင် ဒုက္ခသည်စခန်းထဲကို အလောင်းသုံးလောင်း၊ အုန်းတောကြီး ဒုက္ခသည်စခန်းကို အလောင်းလေးလောင်း စုစုပေါင်း အလောင်းခုနှစ်လောင်း လာပို့သွားတယ်လို့  ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာတဦးက ပြောပါတယ်။

“အဲဒီအလောင်းပိုင်ရှင်တွေက စခန်းထဲက လူကြီးတွေရဲ့ မိသားစုဝင်တွေမလို့၊ သူတို့နည်း သူတို့ဟန်နဲ့ ကြိုးစားကြလို့ လာပို့သွားတာ။ သူတို့ကို စောင်တွေပတ်ထားတယ်။ ဘယ်သူမှ နာရေးအိမ်ကို မသွားရဲကြဘူး။ သတင်းလည်း သွားမမေးရဲကြဘူး။ ဒါပေမဲ့ ထပ်သိရတာက သူတို့က သေနတ်မှန်လို့မဟုတ်ဘူး။ ထွက်ပြေးရင်း မိုင်းထိတာလို့ ပြောနေကြတယ်။ တိုက်ပွဲမှာထိတာလား၊ တပ်ထဲကနေ ကြောက်လို့ ထွက်ပြေးရင်းနဲ့ မိုင်းထိတာလား ဆိုတာတော့ မေးလို့မရသေးပါဘူး။ စခန်းတခုလုံး ပွက်လောရိုက်ပြီး ငိုနေကြတယ်။ စခန်းထဲကခေါ်သွားတာ ၃၀၀ ကျော်တယ်။ ကျန်တဲ့သူတွေရဲ့ အခြေအနေတော့ ဘာမှမသိရသေးဘူး။”

ရိုဟင်ဂျာ ၉၀ ကျော် တိုက်ပွဲမှာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမဲ့  DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရိုဟင်ဂျာအရေး ကူညီပေးနေတဲ့ မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က “သတင်းရတာတော့ ၉၇ ယောက်လို့ဆိုပြီး Camp တာဝန်ခံတွေဆီကို  ညနေက သူတို့ လှမ်းအကြောင်းကြားတာ။ ခေါ်သွားတာကတော့ ရာချီတယ်။ သူတို့ကို နှစ်ပတ်လောက် သင်တန်းပေးပြီး ရှေ့တန်းမှာ တိုက်ခိုင်းတာ။ သူတို့အများစုက စစ်တွေ IDP စခန်းက ဖြစ်တယ်။ ရွာတွေထဲကလည်း ပါတယ်။ တကယ်တော့ စစ်ကောင်စီက လူသားဒိုင်းအနေနဲ့ အသုံးချတာတွေ လုပ်နေပြီ။ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်တာပဲ” လို့ ပြောပါတယ်။

စစ်ထဲပါသွားသူတဦးရဲ့  သူငယ်ချင်းက “မတ်လ ၁၁ ရက် ညအထိ သူတို့ကို တပ်ရင်း ၃၅ နဲ့ ၃၆ မှာ ထားတာ။ ၃၀၀ ကျော်ရှိတယ်။ ရိုဟင်ဂျာတွေ၊ စစ်တွေဒုက္ခသည်စခန်းရယ်၊ အောင်မင်္ဂလာရယ်၊ နန်နီယာကရယ်၊ Camp ထဲမှာတော့ အများဆုံးပေါ့။ ညကအထိ သူတို့အထဲက ဖုန်းခိုးဆက်လို့ ရသေးတယ်။ နောက် တချို့ကိုလည်း အိမ်ပြန်ခိုင်းတာတွေလည်း ရှိတော့ အခုလို ရှေ့တန်းတွေဘာတွေ လွှတ်လိမ့်မယ်လို့ မထင်ထားဘူး။ အခု ဒီနေ့တော့ ဘာမှအဆက်အသွယ် လုပ်မရတော့ဘူး” လို့ ပြောပါတယ်။

DVB က စုံစမ်းသိရသလောက် စစ်ကောင်စီတပ်ဟာ ရိုဟင်ဂျာလူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ စစ်တွေကနေ အယောက် ၄၀၀ ကျော်၊ ဘူးသီးတောင်မြို့နယ်ကနေ ၄၀၀ ကျော်၊ ကျောက်တော် ဒုက္ခသည်စခန်းက ရာချီပြီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်မှုထမ်းသူတချို့ကို ကျပ် ၅၀,၀၀၀ တန် ဆန်တအိတ်စီပေးမယ်၊ တချို့ကို  နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးမယ်လို့ စစ်ကောင်စီက မက်လုံးပေးခဲ့ပေမဲ့ ဘယ်သူမှ မှတ်ပုံတင်မရကြသလို သူတို့အတွက်ပေးမယ့် လစာကိုလည်း ရိုဟင်ဂျာရွာတွေကနေ လိုက်ကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်၊၊

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013