DVB Logo
Home
မြန်မာသတင်း
ဖျာပုံတွင် စစ်တပ်နှင့် ရဲများက လုံခြုံရေးအကြောင်းပြ စစ်ဆေးပြီး ခြိမ်းခြောက်ငွေညှစ်နေ
DVB
·
March 14, 2024
ဖျာပုံတွင် စစ်တပ်နှင့် ရဲများက လုံခြုံရေးအကြောင်းပြ စစ်ဆေးပြီး ခြိမ်းခြောက်ငွေညှစ်နေ
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် အဝင် အထွက်ဂိတ်တွေမှာ မတ်လ ပထမအပတ်ကစတင်ပြီး ဒီနေ့ မတ် ၁၄ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက လုံခြုံရေးအကြောင်းပြ စစ်ဆေးပြီး မတရား ငွေတောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖျာပုံမြို့ အဝင် အထွက် ဂိတ်တွေမှာ စစ်တပ်နဲ့ ရဲတွေက ဒေသလုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးလို့ ခေါင်းစဉ်တပ်ပြီး ဆိုင်ကယ်လိုင်စင် ရှိ မရှိ၊ နောက်ကြည့်မှန် တပ်ထားခြင်း ရှိ မရှိ၊ ဆိုင်ကယ်ဦးထုပ်နဲ့ ဆိုင်ကယ်နံပါတ်ပြား ပါ မပါ စတဲ့အချက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး ငွေညှစ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

မျက်မြင်ဟင်္သာတမြို့ခံတယောက်က “ဘယ်လိုဖြစ်မှန်း မသိတော့ဘူး။ စစ်ဆေးရေးဂိတ်မှန်သမျှမှာ စစ်သားနဲ့ ရဲတွေက ဆိုင်ကယ်တွေနဲ့ ကားတွေကို တားပြီး ဖုန်းတွေကိုစစ်တယ်။ ဘာမှမတွေ့လည်း တော်လှန်ရေးနဲ့ ပတ်သက်တာတွေ၊ NLD, NUG နဲ့ ပတ်သက်တာတွေ တွေ့တယ်ဆိုပြီး ငွေတောင်းချင်သလောက် တောင်းနေကြတယ်။ ဆိုင်ကယ်လိုင်စင်တို့ ဦးထုပ်တို့ ဘက်မှန်တို့ မပါရင်လည်း နည်းမျိုးစုံရစ်ပြီး ပိုက်ဆံတောင်းတယ်။ တနေ့နဲ့တနေ့ ပိုပိုဆိုးလာတယ်။ ကောင်လေးနှစ်ယောက်ဆို ဆိုင်ကယ်ဘက်မှန် မတပ်ရသေးတာကို ဘာလို့မတပ်တာလဲ မေးပြီး ဒဏ်ငွေလို့ ခေါင်းစဉ်တပ်ပြီး ၅၀,၀၀၀ တောင်းတာ တွေ့ရတယ်။ ကလေးတွေက တပ်မှာပါလို့ အကျိုးအကြောင်းရှင်းပြတာတောင် မရဘူး” လို့ ပြောပါတယ်။

ဖျာပုံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက မတ်လ ပထမပတ်ကစတင်ပြီး နေ့စဉ် အကြောင်းအမျိုးမျိုးပြ စစ်ဆေးဖမ်းဆီး ငွေညှစ်နေတာကြောင့် အရေးပေါ် ကျန်းမာရေးကိစ္စ၊ စပါး အပါအဝင် လယ်ယာထွက်ကုန်နဲ့ ရေထွက်ကုန်ရောင်းဝယ်ရေးကိစ္စ လုပ်ဖို့အတွက် မြို့ပေါ်ကို မတက်ရဲတဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဖျာပုံမြို့ခံ အမျိုးသမီးတယောက်က “စစ်တပ် အာဏာသိမ်းကတည်းက နေ့ရှိသရွေ့ ဒုက္ခနဲ့ ကြုံနေတယ်။ မြို့ပေါ်တက်ဖို့တောင် ကြောက်နေကြတယ်။ အလုပ်လုပ်ရတာလည်း တရက်မှ အဆင်ပြေမနေဘူး။ အံ့သြဖို့လည်း ကောင်းတယ်။ ဒီလို ငွေကြေးမတရားတောင်းယူနေတာတွေကို အမိန့်အရ လုပ်တာတဲ့၊ စစ်ကောင်စီကခိုင်းတာတဲ့၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက သိလည်း အရေးယူတာ တခါမှ မကြားမိဘူး” လို့ ပြောပါတယ်။ 

ဖျာပုံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက အခုလို စစ်ဆေးပြီး ငွေညှစ်ချင်သလောက်ညှစ်၊ လူကိုဖမ်း၊ ဆိုင်ကယ်သိမ်း လုပ်နေတာကို အရပ်သားတွေအနေနဲ့ မကျေနပ်လည်း ဂရုမစိုက်ဘူး၊ လူကိုပါ ပစ်သတ်လို့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ ရဲတွေက ခြိမ်းခြောက် ပြောဆိုနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် မတ်လ ပထမပတ်ကနေ လက်ရှိအချိန်အထိ စစ်ဆေးနေတဲ့အချိန် စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ ရိုက်နှက်တာခံရတဲ့ လူငယ် အမျိုးသား အယောက် ၂၀ ထက်မနည်းလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo - MO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013