
ဘာစီလိုနာအသင်းဟာ အာဆင်နယ် ပစ်မှတ်ထားနေတဲ့ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ လက်မလျှော့သေးဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ကမ်းလှမ်းမှုကို ထပ်တိုးဖွယ်ရှိနေတယ်လို့ Sky Sports က ဖော်ပြပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ အယ်လ်ဗာရက်ဇ်ကို လက်ရှိ ပေါင်သန်း ၁၀၀ ကျော် ကမ်းလှမ်းထားမှုဟာ အတည်ဖြစ်တယ်လို့ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက ပြောထားပြီး နောက်ထပ် ပေါင် ၁၁၀ သန်းကျော်အထိ တိုးမြှင့်ကမ်းလှမ်းနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကလပ်အသင်း ၂ ခုကြား ဆက်ဆံရေး အဆင်မပြေတာကြောင့် အက်သလက်တီကိုဘက်က ရောင်းချဖို့ ငြင်းဆန်ဖွယ် ရှိနေပါတယ်။
အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ ပီအက်စ်ဂျီအသင်းတွေကပါ စိတ်ဝင်စားနေပြီး အက်သလက်တီကိုဘက်ကလည်း ပြည်ပကလပ်တွေကိုသာ ရောင်းချချင်နေတာပါ။
ဒါပေမဲ့ ကစားသမားနဲ့ မိသားစုကတော့ စပိန်မှာသာ ဆက်လက်နေထိုင်ချင်ကြတယ်လို့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။










