DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စားအုန်းဆီ တပိဿာ ကျပ် ၉,၀၀၀ အထိ မြင့်တက်
DVB
·
March 12, 2024
ဧရာဝတီတိုင်းတွင် စားအုန်းဆီ တပိဿာ ကျပ် ၉,၀၀၀ အထိ မြင့်တက်
Donate to DVB

ဧရာဝတီတိုင်းအတွင်း ပြင်ပစားသောက်ကုန်ဈေးကွက်မှာ စားအုန်းဆီတပိဿာကို ငွေကျပ် ၉,၀၀၀ အထိ ဈေးမြင့်တက်နေတယ်လို့  ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက မတ်လ ဒုတိယအပတ်အတွင်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအဖြစ် တပိဿာကို ငွေကျပ် ၄,၀၀၀ ကျော်သာ သတ်မှတ်ထားတာပါ။

ဒီလိုသတ်မှတ်ထားပေမဲ့ ဧရာဝတီတိုင်းမှာတော့ ပြင်ပဈေးကွက်မှာ ရောင်းချနေတဲ့ စားအုန်းဆီဈေးနှုန်းဟာ တပိဿာကို ငွေကျပ် ၈,၅၀၀ ကနေ ၉,၀၀၀ အထိ ဈေးပေါက်နေတယ်လို့ စားသုံးသူ ဒေသခံတွေက ပြောပါတယ်။

ကျိုက်လတ်မြို့ခံ ပြည်သူတယောက်က “တခုပဲ အခုက တိုးကြိတ်မဝယ်ရတာဘဲ ရှိတယ်။ ဘယ်ဈေးနဲ့ရောင်း ဘယ်ဈေးနဲ့ရောင်း တလျှောက်လုံး သတ်မှတ်နေတာပဲ လိုင်းပေါ်မှာ။ သူတို့ သတ်မှတ်ထားတဲ့ဈေးနှုန်းထက် မြှင့်တင်ရောင်းချရင် အရေးယူမယ်၊ ဘာညာပေါ့ အကြောင်းမထူးဘူး။ လိုင်းပေါ်ကနေ ကြေညာနေလို့ ထိရောက်မှုမရှိဘူး။ အပြင်မှာတော့ စားအုန်းဆီ တပိဿာ ၉,၀၀၀ အထိ ပေးဝယ်နေရတယ်။ ဈေးတက်ပြီး ပြန်မကျတဲ့အထဲမှာ စားအုန်းဆီနဲ့ စက်သုံးဆီက ထိပ်ဆုံးကပဲ။ တချို့ဆို ဆီတောင်မစားနိုင်တော့ပါဘူး၊ ရေလုံပြုတ်ပဲ စားတော့တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်း စားသောက်ကုန်ဈေးကွက်မှာ စားအုန်းဆီအပြင် ပဲဆီ၊ နေကြာဆီနဲ့ ဟင်းသီးဟင်းရွက်ဆီတွေလည်း ဈေးနှုန်းတွေ မြင့်တက်နေပြီး တချို့ဆီဆိုင်တွေမှာ စားအုန်းဆီ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “စားအုန်းဆီကို ရောင်းတောင် မရောင်းချင်ဘူး၊ မရောင်းလို့မဖြစ်လို့ ရောင်းနေတာ။ တခြားကုန်တွေကိုပဲ အရောင်းအဝယ် လုပ်ချင်တော့တယ်။ အခုရက်ထဲ စားအုန်းဆီတွေ ဈေးနှုန်းပြန်တက်လာတာ ဟုတ်တယ်။ သတ်မှတ်တဲ့ဈေးအတိုင်း ဘယ်လိုမှ ရောင်းလို့မကိုက်လို့ ပြင်ပပေါက်ဈေးက အခုလိုနဲ့ ရောင်းနေရတာ။ ဧရာဝတီတိုင်းကို ဆီဝယ်ယူတင်သွင်းရတဲ့ ကုန်ကျစရိတ်က အရမ်းများလွန်းနေတယ်။ ဆီက လိုသလောက် မရသေးတဲ့အပြင် မရောင်းတော့လည်း အဖမ်းခံရမယ့်ဘေးနဲ့ ကြုံနေတာ။ နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ပြီးကတည်းက စီးပွားရေးလုပ်ရတာ အဆင်ပြေဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းမှာ စားအုန်းဆီဈေး ထိန်းချုပ်ဖို့၊ ပြည်ပကနေ ဆီမတင်သွင်းရအောင်လို့ ဆိုပြီး စပါးစိုက်နေကျ လယ်မြေတွေမှာ ဆီထွက်သီးနှံ နေကြာကို မဖြစ်မနေ ဖိအားပေး စိုက်ခိုင်းနေတယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ နှစ်အလိုက် ပြည်ပနိုင်ငံတွေက တင်သွင်းတဲ့ စားအုန်းဆီဈေးနှုန်းဟာ ၂၀၂၀ ပြည့်နှစ်က တပိဿာ ငွေကျပ် ၂,၄၀၀၊ ၂၀၂၁ ခုနှစ်က စားအုန်းဆီတပိဿာ ငွေကျပ် ၅,၈၀၀၊ ၂၀၂၂ ခုနှစ်မှာ စားအုန်းဆီတပိဿာ ငွေကျပ် ၇,၅၀၀၊ ၂၀၂၃ ခုနှစ်မှာ စားအုန်းဆီတပိဿာ ငွေကျပ် ၁၃,၀၀၀ မှ ၁၀,၀၀၀ အထိ ပေါက်ခဲ့တယ်လို့ စားသောက်ကုန် ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Photo  Credit - Min Min

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013