DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းတွင် စစ်မှုထမ်းခိုင်းရန် လူဦးရေစာရင်း ကောက်ခံနေ
DVB
·
March 11, 2024
မော်လမြိုင်ကျွန်းတွင် စစ်မှုထမ်းခိုင်းရန် လူဦးရေစာရင်း ကောက်ခံနေ
Donate to DVB

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီခန့်ထားတဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ဖို့ဆိုပြီး မတ်လ ဒုတိယအပတ်က စတင်ကာ လူစာရင်းကောက်၊ စည်းရုံးလှုံ့ဆော်နေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

မော်လမြိုင်ကျွန်းဒေသခံတယောက်က “ရာအိမ်မှူးတွေနဲ့ ဆယ်အိမ်မှူးတွေက အိမ်ထောင်စု လူဦးရေစာရင်း စာရွက်တွေ လာယူသွားတာ။ အုပ်ချုပ်ရေးမှူးတွေက မြို့နယ်ကို စာရင်းတင်ပေးရမယ်လို့ ပြောတာပဲ။ ဘာအတွက်ယူတာလဲ မေးတော့ စစ်မှုထမ်းခေါ်ဖို့လို့ ပြောယူသွားတာ။ တအိမ်ဆင်း တအိမ်တက်တော့ လိုက်မကောက်ပါဘူး။ လူဦးရေက အိမ်ထောင်စုစာရင်းထဲ ရှိပြီးသားဆိုတော့ အဲဒီလိုပေါ့” လို့ ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့ပေါ်က မြို့ခံအမျိုးသမီးကြီးတယောက်က “တအိမ်တယောက် မဖြစ်မနေ ပုံစံမျိုးတော့ မဟုတ်ပါဘူးတဲ့။ လစာဘာညာပေးမယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောနေတာပဲ။ တအိမ်လုံး မိသားစု ၃ ယောက်ရှိတာ လုပ်ကျွေးတဲ့သားကို စစ်ထဲ ထည့်လိုက်ရင် အဒေါ်တို့အိမ်က အလုပ်တွေနဲ့ အဒေါ်တို့ နေဖို့စားဖို့ ဘယ်လုပ်လုပ်ရမလဲ။ နေ့နေ့ညည ဒီအကြောင်းပဲ တွေး စိတ်ပူနေတာ” လို့ ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့တွေက ဖေဖော်ဝါရီ ၂၅ ရက်က စတင်ပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ လူစည်ကားတဲ့ ဈေးနဲ့ ကားဂိတ်၊ သင်္ဘောဆိပ်တွေမှာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ဖို့ လူစာရင်းကောက်နေတာနဲ့ ပတ်သက်လို့ ဒေသခံ တက်ကြွလှုပ်ရှားသူတယောက်က “ပြည်သူတွေကို စစ်ကောင်စီက နောက်ထပ် တနည်းနဲ့ ဒါ ဖိအားပေးတာပဲ။ မိဘတွေ ကလေးတွေ မစားနိုင် မအိပ်နိုင် ဖြစ်နေတဲ့သူတွေ မနည်းဘူး။ ဧရာဝတီတိုင်းက တခြားဒေသတွေနဲ့ယှဉ်ရင် တည်ငြိမ်အေးချမ်းတဲ့ဒေသပါ။ ဒါကို စစ်ကောင်စီက အရိုင်းစိတ်သွင်းပေးနေတာ။ အကုန်စိတ်ညစ်နေတာ။ စည်းရုံးတာတွေလည်း ခပ်စိတ်စိတ် လုပ်လာတာ တွေ့ရတယ်။ ဘယ်လိုဖြစ်ဖြစ် စစ်မှုထမ်းဆိုတဲ့စနစ်က ဒီကာလမှာ လုပ်ကို မလုပ်သင့်တာ” လို့ ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းခေါ်ကိစ္စနဲ့ ပတ်သက်လို့ မလိုက်ချင်သူတွေကို ငွေညှစ်ဖို့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို လိုက်လံညှိုခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီပြန်ကြားရေးကတော့ ဧရာဝတီတိုင်းက မြို့နယ်တွေနဲ့ ရပ်ကွက်တွေမှာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်ကြား အမျိုးသားတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ စုဆောင်းနေတယ်ဆိုတဲ့ သတင်းမှားတွေ ထွက်ပေါ်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက စစ်မှုထမ်းဖို့အတွက် လူတဦးချင်းစီကို အတင်းအဓမ္မ ဖမ်းဆီးနေတယ် ဆိုတာလည်း မမှန်ဘူးလို့ သတင်းဌာန တချို့ရဲ့ ရေးသားချက်တွေကို တုံ့ပြန်ဖော်ပြထားပါတယ်။

စစ်မှုမထမ်းမနေရ သတ်မှတ်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တနှစ်ကို အင်အား ၅၀,၀၀၀ နှုန်း ခေါ်ယူသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013