
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ဝေဖန်လေ့ရှိတဲ့ ရုရှားအနုပညာရှင်တယောက်ဟာ ပိုလန်နိုင်ငံ အရှေ့ပိုင်းမှာ ဒီအပတ်ထဲ သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် လူသတ်မှုသံသယရှိသူတယောက်ကို ဖမ်းဆီးမိထားကြောင်း ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ် တပ်စ်ခ် က ဇွန် ၁၈ ရက်မှာ ပြောပါတယ်။
သံသယရှိသူကို ပိုလန်ပြည်တွင်းလုံခြုံရေးအေဂျင်စီနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပြီး သူဟာ ဂျော်ဂျီယာ ပတ်စ်ပို့ကို အသုံးပြုနေတယ်လို့ ဝန်ကြီးချုပ်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
လူဘ်လင်မြို့ ဒေသခံရဲတပ်ဖွဲ့ကတော့ အဲဒီပတ်စပို့ဟာ အသက် ၃၆ နှစ်အရွယ် အမျိုးသား တယောက်ရဲ့ အမည်ပေါက် ဖြစ်နေတယ်လို့ ဆိုပါတယ်။
သေဆုံးသူဟာ ဆယ်မြွန် စခရက်ပက်စကီးလို့ လူသိများတဲ့ အသက် ၄၄ နှစ်အရွယ် ရုရှားနိုင်ငံသား ရောဘတ် ကူဇော့ဗ်ကော့ဗ်ဖြစ်ပြီး ဦးခေါင်းကို ၁ ချက် အပါအဝင် သေနတ်ဒဏ်ရာ ၅ ချက် ထိမှန် ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
ဒီလူသတ်မှုဟာ ဇွန် ၁၅ ရက် မနက် ၉ နာရီ ၄၅ မိနစ်လောက်က ဘီအာလာ ပိုဒ်လက်စ်ကာ မြို့ လူနေရပ်ကွက်တခုရဲ့ လူသွားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ လူသတ်သမားက သေဆုံးသူအနားကို ကပ်လာပြီး သေနတ်နဲ့ ၃ ချက်ပစ်ခဲ့သလို၊ လဲကျသွားတဲ့အချိန်မှာလည်း အနီးကပ် ၂ ချက် ထပ်ပစ်ခဲ့ တာ ဖြစ်ပါတယ်။
ဒီလူသတ်မှုနဲ့ပတ်သက်ပြီး ဘီလာရုစ်နိုင်ငံသား ၂ ယောက်ကိုလည်း ဘီလာရုစ်ကောင်စစ်ဝန်ရုံးနားမှာ ဖမ်းဆီးထားပေမဲ့ လောလောဆယ် သူတို့ကို တရားစွဲဆိုထားခြင်း မရှိသေးပါဘူး။
သေဆုံးသူ ကူဇော့ဗ်ကော့ဗ်ဟာ ရုရှားအာဏာပိုင်တွေကို ဝေဖန်တဲ့ ဖန်တီးမှုတွေကြောင့် လူသိ များသူဖြစ်ပြီး မကြာသေးခင်ကတင် ဘာလင်မြို့မှာ ကန့်ကွက်ဆန္ဒပြပွဲတခု လုပ်ခဲ့ ပါသေးတယ်။
အခုအခါမှာတော့ ဒီလူသတ်မှုကို နောက်ကွယ်ကနေ ဘယ်သူခိုင်းစေခဲ့သလဲဆိုတာကို ဖော်ထုတ်ဖို့ အာဏာပိုင်တွေက ဆက်လက်စုံစမ်းနေတယ်လို့ ဝန်ကြီးချုပ် တပ်စ်ခ်က ပြောကြားခဲ့ပေမဲ့ အသေးစိတ်ကိုတော့ ထပ်မံထုတ်ပြန်ခြင်း မရှိသေးပါဘူး။
Source:Reuters










