DVB Logo
Home
မြန်မာသတင်း
ထိုင်းအလုပ်ရှင်က မြန်မာအလုပ်သမား ၅၀၀ ခန့်ကို လုပ်အားခ ဘတ် သိန်း ၆၀ ကျော် မရှင်းပေး
DVB
·
March 8, 2024
ထိုင်းအလုပ်ရှင်က မြန်မာအလုပ်သမား ၅၀၀ ခန့်ကို လုပ်အားခ ဘတ် သိန်း ၆၀ ကျော် မရှင်းပေး
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ လရောင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ တရားဝင် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၅၀၀ နီးပါးအတွက် ထိုင်းအလုပ်ရှင်က တလစာ ဘတ်သိန်း ၆၀ ကျော် ‌မရှင်းပေးဘူးလို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။

လရောင်မြို့ မတ်တာဖွတ်ရှိ ရေနက်ဆိပ်ကမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်တခုဖြစ်တဲ့ Italian Thai Development ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ MOU အလုပ်သမား ၃၀၀ ကျော် နဲ့ CI အလုပ်သမား ၁၀၀ ကျော် စုစုပေါင်း ၅၀၀ နီးပါးတို့ကို အလုပ်ရှင်က လုပ်ခလစာ မရှင်းပေးတဲ့အတွက် WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံ အကူအညီ တောင်းခံခဲ့ပါတယ်။

WAG အဖွဲ့က မတ် ၆ ရက်နေ့မှာ အလုပ်သမားတွေ အကူအညီတောင်းတာကို လက်ခံပြီး မတ် ၇ ရက်နေ့မှာ အလုပ်သမားလစာတွေအတွက် သူဌေးလူယုံနဲ့ သွားရောက်ညှိနှိုင်း ဖြေရှင်းခဲ့ပေမဲ့ လုပ်အားခ ၁၅ ရက်စာသာ ပေးတာကြောင့် အလုပ်သမားတွေက လက်မခံတဲ့အတွက် လရောင်မြို့ရှိ ဆဝါဒီကန်ရုံးမှာ အမှုဖွင့်ခဲ့ပါတယ်။

WAG အဖွဲ့ တာဝန်ခံ ကိုမုန်တိုင်းက “သူတို့က တဝက်ပဲပေးနိုင်တယ်၊ ကျန်တာကို ၂၀ ရက်နေ့မှပေးမယ် ပြောတဲ့အတွက် ထိုင်းအာဏာပိုင်တွေကို တိုင်ကြားထားတယ်။ ၁၁ ရက်နေ့ကျရင် ထိုင်းအာဏာပိုင်တွေနဲ့ အလုပ်ရုံကို ဝင်စစ်ဖို့ရှိပါတယ်။ ဒီစက်ရုံကလည်း ထိုင်းမှာ blacklist ထိထားတဲ့စက်ရုံ ဖြစ်နေတယ်။ အလုပ်သမားတွေရဲ့ အထောက်အထားတွေကိုလည်း သိမ်းထားတော့ ဆန္ဒပြတာတွေ မလုပ်ဘဲနဲ့ အလုပ်ဆက်လုပ်ခိုင်းထားပါတယ်။ ထိုင်းဥပဒေအရ ၃ ရက်ထက် အလုပ်မဆင်းရင် အလုပ်ထုတ်ခံရတဲ့ အခြေအနေရှိတဲ့အတွက် သူတို့အမှားကနေ ကိုယ့်အမှား မဖြစ်အောင်လို့ပါ” လို့ ပြောပါတယ်။

WAG အဖွဲ့အနေနဲ့ အလုပ်သမား ၅၀၀ နီးပါးခန့်အတွက် လုပ်ခလစာ ဘတ်သိန်း ၆၀ ပြန်လည်ရရှိဖို့၊ အလုပ်သမားတွေဆီက သိမ်းဆည်းထားတဲ့ ပတ်စ်ပို့နဲ့ အထောက်အထားတွေ ပြန်လည်ရရှိဖို့နဲ့ အလုပ်ဆက်လုပ်ရမယ်ဆိုရင်လည်း နောက်ထပ် လစာမပေးတဲ့ကိစ္စတွေ ထပ်မဖြစ်ဖို့ တောင်းဆိုထားပါတယ်။

အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ အလုပ်သမားနဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်ပွားပါက ဆန္ဒပြတာတွေ မပြုလုပ်ဘဲ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေမှာ အကူအညီတောင်းခံဖို့ WAG အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ လရောင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ နိုဝင်ဘာ ၂၂ ရက်ကလည်း တရားဝင် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂၃၇ ဦးကို အလုပ်ရှင်က ၂ လစာနီးပါး လုပ်ခလစာ မရှင်းပေးခဲ့တဲ့အတွက် မြန်မာအလုပ်သမား သံအရာရှိရုံးဆီကို အကူအညီ တောင်းခံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013