Home
ဆောင်းပါး
လွတ်မြောက်နယ်မြေများရှိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုများ
DVB
·
March 7, 2024

အဆိုပါခေါင်းစဉ်ဖြင့် ဝါရှင်တန်ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ (CSIS) မှ မိုက်ကယ် မာတင်က သူ၏အမြင်ကို ယခုလို ရေးသားလာခဲ့သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ရွာတရွာ၊ မြို့တမြို့အား “လွတ်မြောက်” စေခဲ့သည် ဟူသော သတင်းများ ထွက်ပေါ်မလာသည့်နေ့ဟူ၍ ရှိခဲလှသည်။ ထိုသတင်းများသည် အားတက်ရွှင်လန်းစရာ သတင်းများ ဖြစ်လာသော်လည်း ယင်းနှင့်အလားတူ လွန်စွာ စိုးရိမ်ဖွယ်ကောင်းလှသည့် စိန်ခေါ်မှုများလည်း ထွက်ပေါ်လာခဲ့သည်။

ဤနေရာတွင် မိမိဝင်ပြောလိုသည်မှာ ကောလင်းအား အမျိုးသားညီညွတ်ရေးအစိုးရမှ အုပ်ချုပ်ရေးအတွက် စီမံခန့်ခွဲခဲ့မှုအား ပန်းတိုင်မရောက်ဘဲ တက်ထောင်ခြင်းဟု ဝေဖန်မှုများ ရှိခဲ့သော်လည်း လွတ်မြောက်နယ်မြေများအား အမျိုးသားညီညွတ်ရေးအစိုးရမှ မည်သို့ စနစ်တကျ စီမံခန့်ခွဲနိုင်သည်ကို နိုင်ငံတကာက စောင့်ကြည့်နေသူများကို ပြသဖို့ လိုအပ်နေ၍ ပြုလုပ်ရခြင်းလည်း ဖြစ်သည်ကို သတိချပ်သင့်ပေသည်။

ဆောင်းပါးရှင်က ဆက်လက်ရေးသားရာတွင် လွတ်မြောက်လာသော နယ်မြေသစ်များကို မည်သို့ စီမံခန့်ခွဲ အုပ်ချုပ်သွားမည်နည်း။ ထိုသို့ ဒေသနှင့် ပြည်နယ်အဆင့် အစိုးရများ ထွက်ပေါ်လာနိုင်မှသာ အမေရိကန်အနေဖြင့် မြန်မာတော်လှန်ရေးအင်အားစုများအကြား ကျဆင်းလာနေသော ဂုဏ်သိက္ခာကို ပြန်၍ အဖတ်ဆယ်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်သည်။

၂၀၂၂ နိုဝင်ဘာလအတွင်း မိမိသည် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်းမြေကာကွယ်ရေးတပ်ဖွဲ့ (CDF) မှ အဖွဲ့ဝင် ၅၀ ခန့်နှင့် တွေ့ဆုံဖြစ်ခဲ့ရာ ၎င်းတို့ဒေသရှိ မြို့များ၊ ရွာများတွင် ဒေသအုပ်ချုပ်ရေး ထူထောင်ရန် အခက်အခဲများ ရှိနေသည်များကို ဆွေးနွေးသွားခဲ့ကြသည်။ ထိုအဖွဲ့ဝင် အများစုသည် တော်လှန်ရေးကြီး ဖြစ်ပွားမလာမီက လယ်ယာလုပ်ငန်း လုပ်ကိုင်သူများ၊ ကျောင်းဆရာများသာ ဖြစ်ကြ၍ ထိုအရေးနှင့်ပတ်သက်၍ အတွေ့အကြုံဟူ၍ မရှိကြပေ။ သို့သော် ၎င်းတို့အားလုံးတွင် ဒေသခံပြည်သူများ၏ မျှော်လင့်ချက်နှင့် ဆန္ဒများကို ထင်ဟပ်စေသည့် ဒီမိုကရေစီ နည်းလမ်းကျကျဖြင့် အားလုံး ပါဝင်နိုင်မည့် အစိုးရတရပ် ထူထောင်ပေးရန် ဟူသော တူညီသော ဆန္ဒများက ကိန်းအောင်းနေကြသည်။

အသစ်ဖွဲ့စည်းလာသည့် သုတေသနအဖွဲ့တခု ဖြစ်သော Chin Agency သည် CNF/CDF လက်အောက်ရှိ နယ်မြေများတွင် ဒေသအုပ်ချုပ်ရေးအဖွဲ့များ ထူထောင်နိုင်ရေးအတွက် ၎င်းတို့ လေ့လာတွေ့ရှိချက်များကို ထုတ်ပြန်လာခဲ့သည်။ ထိုလေ့လာချက်စာတမ်းတွင် အုပ်ချုပ်ရေးအဖွဲ့ အများစုသည် မြို့ရွာ ‌ခေါင်းဆောင်များ၊ CNF/CDF ကိုယ်စားလှယ်များအား အောက်ခြေမှ အထက်သို့ သွားသော ချဉ်းကပ်မှုမျိုးနှင့် ဖွဲ့စည်းခဲ့ကြသည်။ အတော်များများတွင် ဒေသ လူမျိုးစုများ၏ ရိုးရာအစဉ်အလာများကို ထင်ဟပ်စေသည့် အုပ်ချုပ်ရေးပုံစံမျိုး ထွက်ပေါ်လာခဲ့သည်။ အချို့အဖွဲ့များသည် မြန်မာစစ်တပ်မှ ရေးဆွဲပေးထားသော နယ်မြေ အပိုင်းအခြားကို လက်ခံခဲ့ကြပြီး အချို့က လူမျိုးစုများအား တစုတစည်းတည်း ထားရှိ အုပ်ချုပ်နိုင်မည့် နယ်နိမိတ်အသစ်များကို သတ်မှတ် အုပ်ချုပ်ခဲ့ကြသည်။

ဒေသအုပ်ချုပ်‌ရေးအဖွဲ့များတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေး ဟူ၍ အဖွဲ့သုံးဖွဲ့ကို ဖွဲ့စည်းလာကြသည်။ အများအားဖြင့် တရားစီရင်ရေးအဖွဲ့သည် အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များကို အစီရင်ခံကြရသည်။

နိုင်ငံရှိ အခြားဒေသများတွင်လည်း ERO/PDF များက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို မောင်းထုတ်ခဲ့ကြပြီးနောက် အလားတူပုံစံ အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းခဲ့ကြသည်။

ရက္ခိုင့်တပ်တော်နှင့် ကရင်နီတပ်တော်တို့သည် နယ်မြေများ တိုးချဲ့ သိမ်းပိုက်လာနိုင်သည်နှင့် အမျှ အုပ်ချုပ်ရေးပိုင်းကိုလည်း တိုးချဲ့ ဖွဲ့စည်းလာကြသည်။ ကချင်လွတ်လပ်ရေးတပ်တော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်တော်များသည်လည်း ၎င်းတို့တွင် ကာလကြာမြင့်စွာ ရှိနေပြီးသား အုပ်ချုပ်ရေးအား အသစ်တဖန် လွတ်မြောက်လာသော ပဲခူးနှင့် စစ်ကိုင်း ဒေသကြီးများအထိ တိုးချဲ့လာခဲ့ကြသည်။ ရှမ်းပြည်နယ်တွင်လည်း MNDAA နှင့် TNLA အဖွဲ့များသည်လည်း ၎င်းတို့ အမိမြေဟု ယူဆထားသော ဒေသများ ရရှိသွားကြပြီဖြစ်၍ ဒေသအုပ်ချုပ်ရေးအဖွဲ့များကို တည်ထောင်လာကြသည်။

အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းသည် ဒေသအဆင့်တွင်သာ ရပ်တန့်သွားမည်မဟုတ်၊ ရက္ခိုင့်တပ်တော်မှ ရခိုင်ပြည်နယ်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ထူထောင်သွားရေးကို ထုတ်ဖော်ပြောဆိုထားခဲ့ပြီး ဖြစ်သည်။ ကရင်နီတပ်တော်နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည်လည်း ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလာခဲ့သည်။ ချင်းပြည်နယ်တွင်လည်း အဖွဲ့နှစ်ဖွဲ့က ၎င်းတို့ အခေါ် “ချင်းမြေ” အတွက် ကြားကာလအစိုးရအဖွဲ့ကို တည်ထောင်ခဲ့ကြသည်။

၂၀၂၃ ဒီဇင်ဘာ ၆ ရက်တွင် CDF, CNF နှင့် ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များက အသွင်ကူးပြောင်းရေးကာလ ချင်းဖွဲ့စည်းပုံကို ထုတ်ပြန်ကြေညာပြီး ချင်းမြေကောင်စီကို ဖွဲ့စည်းခဲ့ကြသည်။ နောက်ထပ် တဖွဲ့ဖြစ်သော ချင်းညီနောင်များ မဟာမိတ်အဖွဲ့ကလည်း ၂၀၂၄ ဇန်နဝါရီ ၂၄ ရက်နေ့တွင် ချင်းပြည်သူ့အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းလာသည်။ ထိုအုပ်ချုပ်ရေး နှစ်ဖွဲ့စလုံးသည် ချင်းမြေပြည်နယ်အစိုးရ ဖွဲ့စည်းဖြစ်ပေါ်ရေးအတွက် သဘောထားကွဲလွဲမှုများအား ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေကြသည်ဟု သိရသည်။

ထိုကဲ့သို့ ကြားကာလ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်အစိုးရများ ထွက်ပေါ်လာခြင်းသည် အနာဂတ်တွင် ဖက်ဒရယ်သမ္မတနိုင်ငံ ဖွဲ့စည်းရေးအတွက် သက်ရောက်မှုများ ရှိလာနိုင်သည်။ လက်ရှိတွင် ERO နှင့် PDF အများစုသည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်း၏ ဥပဒေကြောင်းအရ တရားဝင်မှုနှင့် အမျိုးသားညီညွတ်ရေးအစိုးရကို လက်မခံကြဘဲ ရှိနေဆဲပင် ဖြစ်သည်။

အကယ်၍ ကိုယ်ပိုင်အုပ်ချုပ်ရေး ကြားကာလ အစိုးရများအား ၎င်းတို့ နယ်မြေအသီးသီးတွင် တည်ထောင်ဖွဲ့စည်းလာမည် ဆိုက အနာဂတ် ဖက်ဒရယ်သမ္မတနိုင်ငံ ဖွဲ့စည်းရန် ဆွေးနွေးပွဲများတွင် ထည့်သွင်းရတော့မည်သာ ဖြစ်သည်။

ထိုသို့ အသစ်ပေါ်ထွန်းလာသော ပကတိ အနေအထားကို ၂၀၂၄ ဇန်နဝါရီ ၃၁ တွင် ထုတ်ပြန်သော CNF, KNPP, KNU နှင့် NUG တို့မှ ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် အသိအမှတ် ပြုလာခဲ့သည်။ ထိုကြေညာချက်တွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အား မသိမသာ ဘေးဖယ်ထုတ်ထားခဲ့ပြီး “သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး” သည် “ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီတန်ဖိုးများ” ထည့်သွင်းထားမည့် ဖွဲ့စည်းပုံအသစ်ကို ညှိနှိုင်းရေးဆွဲ ထုတ်ပြန်သွားမည်ဟု ပါရှိသည်။ ထို့အပြင် ဆောင်ရွက်စရာရှိသည့် အစီအစဉ်များထဲတွင်လည်း လက်ရှိ NUG နှင့် မတူကွဲပြားမည့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ ထူထောင်ရေးလည်း ပါဝင်နေသည်။

သို့သော်လည်း ယင်းကြေညာချက်အား အဓိကကျသည့် ERO နှင့် PDF များက ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။ အဓိကအားဖြင့် AA, KIA, MNDAA, TNLA တို့ ပါမလာသည်ကို တွေ့ရသည်။ ထို့အပြင် ရှမ်းပြည် အစိတ်အပိုင်း အတော်များများကို ထိန်းချုပ်ထားသည့် ရှမ်းပြည်တပ်တော် တောင်/မြောက် အဖွဲ့များနှင့် ဝပြည်နယ် တပ်တော်တို့ကိုလည်း မတွေ့ရပေ။ အသစ်ဖွဲ့စည်းမည့် ဖက်ဒရယ်သမ္မတနိုင်ငံသစ်အတွင်း မွန်အမျိုးသား လွတ်မြောက်ရေးတပ်တော်နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့ မွန်ပြည်သစ်ပါတီတို့၏ အနေအထားကိုလည်း သဲသဲကွဲကွဲ မသိနိုင်ဘဲ ဖြစ်နေပြန်သည်။

ဘိုင်ဒင် အစိုးရမှ စစ်ကောင်စီ၏ ကန့်သတ်ထားချက်များအတိုင်း လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးရန် သဘောတူလိုက်ခြင်းကပင် မြန်မာတော်လှန်ရေးအဖွဲ့များ အကြားတွင် အမေရိကန်၏ ပုံရိပ်သည် ကျဆင်းသွားခဲ့ရသည်။ အကယ်၍ ဘိုင်ဒင်အစိုးရနှင့် ကွန်ဂရက်သည်သာ နည်းပညာပိုင်းဆိုင်ရာ အကူအညီများနှင့် ပြည်နယ်နှင့် နိုင်ငံအဆင့် အစိုးရများ ဖွဲ့စည်းနိုင်ရေးအတွက် အကြံဉာဏ်များကို ပွင့်ပွင့်လင်းလင်း ပံ့ပိုးပေးလာမည်ဆိုလျှင် အမေရိကန်အစိုးရ၏ ဂုဏ်သိက္ခာလည်း တက်လာနိုင်ပြီး အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် အခြေခံအုတ်မြစ်များ ခိုင်မာလာအောင် ဖန်တီးပေးရာလည်း ရောက်မည်ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024