DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာသည့်လူငယ်များကို အကာအကွယ်ပေးရန် ထိုင်းနိုင်ငံကို တောင်းဆို
DVB
·
March 2, 2024
စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာသည့်လူငယ်များကို အကာအကွယ်ပေးရန် ထိုင်းနိုင်ငံကို တောင်းဆို
Donate to DVB

စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံထဲ ထွက်ပြေးလာမယ့်လူငယ်တွေကို အကာအကွယ်ပေးဖို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးကို မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက အိတ်ဖွင့်စာပေးပို့ တောင်းဆိုခဲ့ပါတယ်။ 

စစ်မှုထမ်းဥပဒေကြောင့်ထွက်ပြေးလာမယ့် မြန်မာလူငယ်တွေကို ထိုင်းအစိုးရက အကူအညီပေးဖို့    ဒေသစံတော်ချိန် မတ် ၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီက ထိုင်းသံရုံးကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက အိတ်ဖွင့်ပေးစာတစောင် ပေးပို့တောင်းဆိုခဲ့ကြတာပါ။ 

စစ်ကောင်စီက ဖေဖော်ဝါရီလထဲမှာ လူငယ် လူလတ်ပိုင်းတွေအထိအကျုံးဝင်တဲ့  စစ်မှုထမ်းဥပဒေကို စတင်အသက်ဝင်ကြောင်းကြေညာခဲ့တာကြောင့် ပြည်တွင်းကလူငယ်တွေနဲ့ မိသားစုတွေအတွက် စိတ်ဖိစီးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ 

ဒီအခြေအနေဟာ လူငယ်အားလုံးကို စစ်ပွဲတွေကြားထဲမဖြစ်မနေပါဝင်ဖို့ စစ်ကောင်စီကဖိအားပေးသလိုဖြစ်ခဲ့တာကြောင့် အိမ်နီးချင်းနိုင်ငံတွေဆီကို အလုံးအရင်းနဲ့ထွက်ပြေးတာတွေလည်းဖြစ်ပေါ်လာနိုင်တာပါ။

Anti Dictatorship in Burma - DC Metro Area အဖွဲ့မှ မမင်းမင်းက  "မကြာသေးခင်ကမှ တရားမဝင်အာဏာသိမ်းထားတဲ့စစ်တပ်က ထုတ်ပြန်လိုက်တဲ့ကြေညာချက်က လူငယ်တွေကို နိုင်ငံပြင်ပကို ထွက်ပြေးဖို့ ပိုပြီးဖိအားပေးသလိုဖြစ်ခဲ့ပါတယ်။ သူတို့ဘဝကို အန္တရာယ်ထဲကို တွန်းပို့သလိုလည်းဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျမတို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံဖို့ ထိုင်းသံရုံးရှေ့ကို ရောက်လာတာပါ။ ဒီအချိန်မှာ အိမ်နီးချင်းကောင်းအဖြစ် ရပ်တည်ပေးဖို့နဲ့ အသက်နဲ့ဘဝအတွက် ထွက်ပြေးလာတဲ့သူတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုချင်တာပါ" လို့ ပြောပါတယ်။

ပြည်သူ့ စစ်မှုထမ်းဥပဒေထွက်ပေါ်ပြီးနောက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းအာဏာပိုင်တွေ တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို အကူအညီပေးဖို့ ပြင်ဆင်တာတွေလည်းရှိခဲ့ပါတယ်။ 

ထိုင်းနိုင်ငံဟာလည်း ရွေးကောက်ပွဲကနေ အစိုးရသစ်မကြာခင်ကမှ တင်ထားတဲ့နိုင်ငံဖြစ်ပြီး အကြိမ်ကြိမ်စစ်အာဏာသိမ်းမှုတွေနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေရှိနေတာဖြစ်ပါတယ်။

Anti Dictatorship in Burma - DC Metro Area အဖွဲ့မှ ကိုရင်အေးက "ထိုင်းကြက်ခြေနီရယ်၊ စစ်ကောင်စီကြက်ခြေနီရယ်၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ရယ်၊ ကြက်ခြေနီအဖွဲ့ ၃ ဖွဲ့ပေါင်းပြီး ဒီအစီအစဉ်ကို လုပ်မယ်ဆိုပြီးတော့ပြောတယ်။ အဲ့ဒါကြောင့် ကျနော်တို့က စိုးရိမ်သွားတယ်။ စစ်ကောင်စီ ကြက်ခြေနီနဲ့ လုပ်လို့ရှိရင်တော့ သေချာတယ်၊ ဒီအကူအညီတွေဟာ ဘယ်လိုမှ တကယ်လိုအပ်တဲ့ ပြည်သူတွေဆီကို ရောက်လာမှာမဟုတ်ဘူး။ မကြာခင်မှာ အစုလိုက်အပြုံလိုက် ပြည်တွင်းကနေ ထွက်လာတော့မယ့်လူငယ်တွေရှိတယ်။ အဲ့ဒီလူငယ်တွေကို အကူအညီပေးဖို့ ပြင်ဆင်ထားပါ။ အဲ့ဒီလိုကူညီခြင်းအားဖြင့်လည်း ထိုင်းနိုင်ငံအတွက်လည်း အကျိုးရှိမယ်။ ထိုင်းနဲ့မြန်မာဟာ ဒီလိုအကူအညီပေးခဲ့တဲ့ ကျေးဇူးခံကျေးဇူးစားအနေအထားနဲ့ ရေရှည်ဆက်ဆံရေး ပိုကောင်းမွန်မယ်ဆိုတဲ့ အနေအထားမျိုး ထောက်ပြပြီးတော့ စာပို့တာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဇေယျာချမ်းအေး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013