DVB Logo
Home
မြန်မာသတင်း
“အောင်မြင်နေတဲ့ လက်ဝှေ့သမားဘဝမှ Free Burma Ranger တပ်ဖွဲ့ဝင်ဖြစ်လာသူ စောအယ်လေး”
DVB
·
February 29, 2024
“အောင်မြင်နေတဲ့ လက်ဝှေ့သမားဘဝမှ Free Burma Ranger တပ်ဖွဲ့ဝင်ဖြစ်လာသူ စောအယ်လေး”
Donate to DVB

စောအယ်လေးဟာ အောင်မြင်နေတဲ့ လက်ဝှေ့သမားဘဝကနေ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရေးမှာ ပါဝင်နေတဲ့ Free Burma Ranger တပ်ဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။‌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ မြန်မာစစ်တပ် အာဏာသိမ်းမှုက စောအယ်လေးရဲ့ အောင်မြင်နေတဲ့ လက်ဝှေ့သမားဘဝကို ပြောင်းလဲခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ထုတ်ပြီး တော်လှန်ရေးတပ်တွေက ၂၀၂၄ ခုနှစ်မှာ ရှားတောမြို့ကို သိမ်းလိုက်တဲ့ ရုပ်သံမှတ်တမ်းတွေကို ရိုက်ကူးသူတွေထဲမှာ Free Burma Ranger တပ်ဖွဲ့က စောအယ်လေး ပါဝင်ပါတယ်။

သူဟာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြရင်း ၂၀၂၁ ခုနှစ်မှာ Free Burma Ranger တပ်ဖွဲ့ဆီ ဝင်ရောက်ခဲ့တာဖြစ်ပြီး ကရင်နီနဲ့ ကရင်ဒေသတွေမှာ တော်လှန်ရေးတပ်တွေနဲ့အတူ ပါဝင်နေတာ ၃ နှစ်ပြည့်တော့မယ်လို့ စောအယ်လေးက ပြောပါတယ်။

“လက်ဝှေ့လောကမှာကျတော့ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ဖူးတယ်။ မနက်ဖြန် လက်ဝှေ့ထိုးမယ်ဆိုရင် ဒီည အိပ်မရတာတို့ ဘာတို့ ဖြစ်ခဲ့ဖူးတယ်။ တိုက်ပွဲထဲမှာကျတော့ ကျည်ဆန်တွေက တဖြုန်းဖြုန်း လက်နက်ကြီးတွေက တဝုန်းဝုန်းဆိုတော့ စိတ်လှုပ်ရှားစရာချင်းက ဆီနဲ့ရေလို တော်တော်လေးကို ကွာခြားတယ်။”

စစ်တပ်အာဏာမသိမ်းခင်က လက်ဝှေ့သမား စောအယ်လေးဟာ ပြည်တွင်းနဲ့ One Championship အပါအဝင် နိုင်ငံတကာပြိုင်ပွဲတွေမှာ  ပွဲပေါင်း ၈၀ နီးပါး ထိုးသတ်ခဲ့ပြီး  ရှုံးပွဲ ၆ ပွဲသာ တွေ့ကြုံခဲ့သူတယောက်လည်း ဖြစ်ပါတယ်။

စောအယ်လေးက “ကျနော့်ဆရာရဲ့စကားကို ကျနော် အမြဲတမ်းနားထဲမှာ ပြန်ကြားရတယ်ပေါ့။ မင်း အဲဒီစိတ်ဓာတ်နဲ့ ကြိုးဝိုင်းထဲကို ဘယ်လိုဝင်မလဲဆိုပြီး ပြောခဲ့တာပေါ့။ ကျနော့်စိတ်ဓာတ်ကို ဆွဲတင်ပေးတဲ့ စကားလုံးပေါ့။ အဲဒါက ကျနော့်ကို ခွန်အားရစေတယ်။ ကျနော် ရှုံးသွားတယ်ဆိုတာ လုံးဝကိုလဲပြီး အသိစိတ်လွတ်သွားတဲ့ပွဲတွေပေါ့” လို့ ပြောပါတယ်။

သူဟာ Free Burma Ranger တပ်ဖွဲ့နဲ့အတူ ရှေ့တန်းစစ်မြေပြင်တွေမှာ ရုပ်သံရိုက်ကူးသူအဖြစ် လိုက်ပါနေပြီး ကရင်နီဒေသထဲမှာဘဲ တိုက်ပွဲအများအပြားနဲ့ ကြုံခဲ့ရကြောင်း၊ ဆေးတပ်ဖွဲ့နဲ့အတူ ရှေ့တန်းအထိ လိုက်ပါရင်း လူနာတွေကို ကယ်ထုတ်ပေးရတာတွေ ရှိသလို သွေးလှူတာလည်း အကြိမ် ၂၀ ကျော်ရှိပြီလို့ စောအယ်လေးက ပြောပါတယ်။

“ကျနော်က အခုတိုက်ပွဲမှာပေါ့။ ကျနော့်ဘေးနားက ရဲဘော်က မြေမြှုပ်မိုင်း နင်းမိတာ။ ဒီတကြိမ်နဲ့ဆို သွေးလှူတာ ၂၆ ကြိမ်ရှိပြီ။ အခု ဒီညီလေးကို သွေးလှူရလို့ ဝမ်းသာတယ်။ သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ တိုက်ပွဲက အခုထိပစ်ခတ်မှု ရှိနေတုန်းပဲ။”

ကရင်နီပြည်နယ်မှာ လူဦးရေ လေးသိန်းနီးပါး ရှိတဲ့အထဲက တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတာ ၃ သိန်းကျော် ရှိလာပါပြီ။ သူဟာ Free Burma Ranger တပ်ဖွဲ့နဲ့အတူ စစ်ရှောင်တွေအတွက် စိတ်ခွန်အားပေးတဲ့ အစီအစဉ်တွေကို မကြာခဏ ပြုလုပ်တာနဲ့ ကလေးငယ်တွေကို လက်ဝှေ့ပညာ မျှဝေပေးနေပါတယ်။

စောအယ်လေးက “ကျနော် အရင်က တတ်ထားတဲ့ ကိုယ်ခံပညာ လက်ဝှေ့ပညာလေးနဲ့ ကျနော် ကလေးတွေကို ပြန်မျှဝေတာ ဖြစ်တယ်။ ကိုယ်ခံပညာ ဆိုတဲ့အတိုင်းပဲ တခုခုဆို ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်သွားမယ်ပေါ့” လို့ ပြောပါတယ်။

တော်လှန်ရေးကာလ ပြီးသွားရင်တော့ မိသားစုနဲ့ ပြန်ဆုံပြီး ပိုအချိန်ပေးချင်တယ်လို့ စောအယ်လေးက ဖွင့်ပြောပါတယ်။ လက်ဝှေ့ဆက်ထိုးဖြစ်ဖို့ကတော့ မသေချာတော့ပေမယ့် သူ့စိတ်ကူးယဉ်အိပ်မက်ဖြစ်တဲ့ ကင်မရာရိုက်ကူးသူအဖြစ်နဲ့ Vlog ရိုက်ရင်း ဖြတ်သန်းချင်တယ်လို့  ပြောပါတယ်။

“ရည်မှန်းချက်ကတော့ဗျာ မြန်မာနိုင်ငံကြီး ပြန်လည်သာယာစိုပြည်သွားရင် မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေမယ်ပေါ့ဗျာ။ ကျနော်ကတော့ လက်ရှိအတိုင်း ကင်မရာလေးတလုံးနဲ့ ကျနော့်ရဲ့ စိတ်ကူးအတိုင်းပဲ Vlog လေးတွေ လိုက်ရိုက်မယ်။ ကျနော့်ရဲ့ စိတ်ကူးယဉ်အိပ်မက်လေးပါပဲ။ ကျနော့်မိသားစုနဲ့ နွေးနွေးထွေးထွေး ပြန်နေမယ်။”

သီဟ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013