DVB Logo
Home
Lead Story
ရိန်းဂျားတပ်ဖွဲ့ဝင်ဆေးမှူးအဖြစ် တော်လှန်ရေးမှာပါဝင်နေတဲ့ CDM သူနာပြု မော်ကူးမြာ
DVB
·
March 23, 2024
ရိန်းဂျားတပ်ဖွဲ့ဝင်ဆေးမှူးအဖြစ် တော်လှန်ရေးမှာပါဝင်နေတဲ့ CDM သူနာပြု မော်ကူးမြာ
1 / 2
Donate to DVB

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကရင်နီ(ကယား)ပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဖွဲ့ပြီး ခုခံတွန်းလှန်စစ်ဆင်နွှဲတိုက်ခိုက်လာတာ အခုဆို သုံးနှစ်ကျော် ရှိပါပြီ။ ဒီကာလတွေအတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်း ကရင်နီလူငယ်များစွာ အသက်ပေးခဲ့ရသလို ပြည်သူသိန်းနဲ့ချီပြီး နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

လွိုင်ကော်ဇာတိ ကယားတိုင်းရင်းသူတဦးဖြစ်တဲ့ မော်ကူးမြာကတော့ အာဏာမသိမ်းခင်အချိန်က သူနာပြုအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ခဲ့သူပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်း CDM လုပ်ကာ ရန်ကုန်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး လွိုင်ကော်ကို ပြန်လာခဲ့ပါတယ်။

အဲ့ဒီနောက် လွိုင်ကော်က  စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကာ ကရင်နီတပ်မတော်ရဲ့ စစ်သင်တန်းတက်ရောက်ခဲ့ပြီး Free Burma Rangers အဖွဲ့ရဲ့ သင်တန်းမှာ ဆက်တက်ခဲ့ကာ ဆေးမှူးတယောက်ဖြစ်လာခဲ့ပါတယ်။

မော်ကူးမြာက “ ရိန်းဂျားကသင်တန်းလာပေးတယ်။ သူတို့ထဲမှာလည်း ဆေးမှူးလိုတယ်ပေါ့နော်။ ရှေ့တန်းမှာလည်း ခုမှ လိုက်စုဆောင်းနေတယ်ပေါ့။ ကိုယ်လည်း အရမ်းစိတ်ထက်သန်တယ်။ ဒီလိုတောထဲဝင်ဖို့ဆိုတာ အိမ်ကလည်း မသိရဘူးပေါ့။ အမေဆို စကားအခြေအတင်များတယ်။ အမေရော အဘွားရောပေါ့ မျက်ရည်တွေကျခဲ့ရတယ်။ အခုချိန်ထိသူတို့ မျှော်နေတုန်းပဲ အိမ်မပြန်ရတာတော့ကြာပြီ။ ရိန်းဂျားထဲ ဆက်ဝင်ပြီးတော့မှ ကရင်နီ ပထမဆုံးတိုက်ပွဲ ဒေါငံခါးကနေ ခုထိ ဆေးမှူးအနေနဲ့ ပါဝင်ခဲ့တယ်”လို့  ဒီဗွီဘီကို ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ်ကတည်းက စခဲ့တဲ့ တိုက်ပွဲတွေဟာ အခုချိန်မှာတော့ ပိုပြင်းထန်လာပြီး အာဏာသိမ်းစစ်ကောင်စီ အရေးနိမ့်လာကာ မြို့တွေကို ထိန်းချုပ်နိုင်ဖို့ ကရင်နီတော်လှန်ရေးတပ်တွေက ကြိုးစားလာပါတယ်။

တိုက်ပွဲတခုမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ဖို့ကြိုးစားရင်း သူ့ရဲ့ သူငယ်ချင်းဖြစ်သူ ကျဆုံးသွားခဲ့ရတာက မော်ကူးမြာရဲ့ ပထမဆုံးတိုက်ပွဲအတွေ့အကြုံ ဖြစ်လာပါတယ်။ နောက်ပိုင်း တိုက်ပွဲတွေမှာတော့ မျက်ရည်တွေအစား နာကြည်းမှုတွေပဲ တိုးလာတယ်လို့ မော်ကူးမြာက ပြောပါတယ်။

မော်ကူးမြာက “ ဒေါငံခါးကနေ အခုချိန်ထိ တိုက်ပွဲတွေမှာပါဝင်ခဲ့တယ်။ ဒဏ်ရာတွေ အများကြး မြင်တွေ့ခဲ့ရတယ်။ စစချင်း ဒဏ်ရာရတာကိုတွေ့တာ၊ ကျတာတွေ့ပြီး ငိုခဲ့ရတာ ဒေါငံခါးမှာပဲ။ ကိုယ့်သူငယ်ချင်းတယောက်ကျသွားတယ်။ ပိတ်မိနေတဲ့ ပြည်သူ ၈၀ ကို  ကယ်ဖို့လုပ်ရင်းနဲ့ ရိန်းဂျားကတယောက် ကျသွားတယ်။ ကယ်ဆယ်ရေးလည်း မအောင်မြင်ဘူး။ ပထမဆုံးစတွေ့တဲ့ မိတ်ဆွေကျပြီး မျက်ရည်ကျရတယ်။ အဲ့နောက်ပိုင်း အများကြီး အသက်ဆုံးရှုံးတာတွေ့ရတော့ မျက်ရည်မကျဘူး နာကြည်းလာတယ်။ နောက်ပိုင်းကိုယ် ကုလိုက်တဲ့သူတွေ အဆင်မပြေဘူး ဆုံးရှုံးသွားတာရှိတယ်ဆိုရင်  ကိုယ့်ကိုယ်ကိုယ်  အပြစ်တင်တဲ့စိတ်တော့ ရှိတယ်”လို့ ပြောပါတယ်။

မော်ကူးမြာတယောက် အခုတော့ ကရင်နီမှာ Free Burma Rangers တပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေးတွေမှာ ပါဝင်နေပါတယ်။ စစ်ဆင်ရေးတွေနဲ့အတူ တဘက်မှာလည်း Free Burma Rangers အဖွဲ့သားတွေဟာ စစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ နေရာတွေကိုလည်းသွားပြီး စိတ်ဓာတ်မြှင့်တင်ပေးတာ၊ စားနပ်ရိက္ခာနဲ့ ဆေးကုသပေးတာတွေ လုပ်ဆောင်နေတာပါ။

ပြည်သူတွေကို အခုထက်ပိုပြီး ဆေးကုသပေးနိုင်ချင်သလို တိုက်ပွဲတွေမှာလည်း ပိုပြီး ကူညီပေးချင်တဲ့အတွက် ပညာရပ်ပိုင်းမှာ တိုးတက်ချင်တယ်လို့ မော်ကူးမြာက ပြောပါတယ်။

“အစကတော့ ဆေးပိုင်းကို တိုးတက်အောင်လုပ်ချင်တဲ့ဆန္ဒရှိတယ်။ တိုက်ပွဲတပွဲကို ဆေးမှူးတယောက်တည်းနဲ့ ဒဏ်ရာ လေးငါးဆယ်ရတဲ့သူကို ကုပေးရတာ ကြုံခဲ့ရတယ်။ ဆရာဝန်တွေကို ဖုန်းခေါ်ပြီးမေးရတယ်။ ဆေးပညာပိုင်းမှာ ကိုယ်တိုင် တိုးတက်ချင်တယ်။ ပြည်သူတွေကို ဆေးကုပေးချင်တယ်။” 

ကရင်နီမှာ လူဦးရေ လေးသိန်းနီးပါးရှိတဲ့အထဲကသုံးသိန်းကျော်က နေရပ်တွေကနေ ထွက်ပြေးပြီး စစ်ဘေးရှောင်နေကြရပါတယ်။ တိုက်ပွဲတွေကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးရတာ၊ မြေမြှုပ်မိုင်း အန္တရာယ်တွေရှိနေတာတွေအပြင် စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲမယ့် အန္တရာယ်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။ မိန်းကလေးတယောက်ဖြစ်တာကြောင့် လှလှပပလေး နေချင်ပေမဲ့လည်း တော်လှန်ရေးကာလအလွန် ကရင်နီပြည် ပြန်လည်ထူထောင်ရေးမှာ အားစိုက်ချင်တယ်လို့ မော်ကူးမြာက ဆက်ပြောပြပါတယ်။

“တော်လှန်ရေးပြီးရင် အိမ်မက်ဆိုတာထက် ကရင်နီပြည်ပြန်လည်ထူထောင်ရေးမှာ အားစိုက်ဦးမယ်။ လူငယ်တယောက်ပဲ စာသင်ချင်တယ်။ မီးရောင်အောက်မှာ နေချင်တယ်။ အင်တာနက်ကောင်းကောင်းသုံးချင်တယ်။ ကျောင်းကောင်းတက်ချင်တယ်။ မိန်းကလေး ဖြစ်တော့ လှလှလေးနေချင်တယ်။ ဒါပေမဲ့ ပြည်နယ်ထူထောင်ရေးမှာ ပြန်ကူညီပေးချင်တယ်။ ပြည်နယ်လှပအောင် လုပ်ပေးချင်တယ်။” 

မော်ကူးမြာလိုပဲ အမျိုးသမီးငယ်အတော်များများဟာ ကရင်နီမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ ဆေးကုသတဲ့အပိုင်းတင်မကပဲ တိုက်ခိုက်ရေးအပိုင်းတွေမှာလည်း တတတ်တအား ပူးပေါင်း ပါဝင်နေကြ ပါတယ်။

၃ နှစ်နီးပါး အချိန်ကာလတွေ ဖြတ်ကျော်ပြီးပြီ။ ကရင်နီပြည်နယ် လွတ်လပ်ရေးရတဲ့အချိန်အထိ အားလုံးဆက်ပြီး အားတင်းစေချင်တယ်လို့ မော်ကူးမြာက ဘဝတူ တော်လှန်ရေးရဲဘော်တွေ အားလုံးကို DVB ကတဆင့်  သတင်းစကားပါးလိုက်ပါတယ်။

သီဟ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013