DVB Logo
Home
မြန်မာသတင်း
မိုးမိတ်တိုက်ပွဲတွင် နေအိမ် ၁၅၀ ကျော်မီးရှို့ခံရပြီး ရွာသား ၂၇ ဦးသေဆုံး
DVB
·
February 29, 2024
မိုးမိတ်တိုက်ပွဲတွင် နေအိမ် ၁၅၀ ကျော်မီးရှို့ခံရပြီး ရွာသား ၂၇ ဦးသေဆုံး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ လဆန်းကနေ ဒီလဆန်းပိုင်းထိ ၁ လအတွင်း စစ်ကောင်စီ နဲ့   KIA ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲကြောင့်  နေအိမ် အလုံးပေါင်း ၁၅၀ ကျော် မီးရှို့ခံရပြီး ဒေသခံပြည်သူ ၂၇ ဦးသေဆုံး၊ ၁၂  ဦး ဒဏ်ရာရကာ ၆၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဖေဖော်ဝါရီ ၂၇ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ 

ကချင်လွတ်မြောက်ရေးတပ် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ တအာင်းလွတ်မြောက်ရေးတပ် (TNLA) တော်လှန်ရေးအဖွဲ့တွေက မိုးမိတ်မြို့ကို သိမ်းပိုက်ဖို့ စစ်ဆင်‌ရေးစတင်ခဲ့ပြီးနောက် ဇန်နဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်မ ၉၉ က မန္တလေးကနေ မိုးမိတ်ကိုရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်က မြို့ရွာထဲရှိ ရွာသားအချို့ကို နေအိမ်မှာရော၊ တောထဲမှာပါ ပစ်သတ်ခဲ့တယ်၊ တချို့ရုပ်အလောင်းတွေ မီးရှို့ခံထားရတယ်၊ ဆယ်ကျော်သက် ၂ ဦး ခေါင်းဖြတ်ခံရတယ်၊ အဲဒီဖြစ်ရပ်မှာ ရွာသား ၁၇ ဦး သေဆုံးခဲ့တဲ့အပြင် စစ်ကောင်စီ တပ်သားတွေဟာ နေရာ ၃ ခုမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

တပ်မ ၉၉ တပ်သားတွေဟာ စစ်ဘေးရှောင်နေကြတဲ့ အရပ်သား နေအိမ်တွေထဲ ဝင်ရောက်ပြီး တန်ဖိုးရှိပစ္စည်းတွေ ဖောက်ထွင်းခိုးယူခဲ့တယ်၊ တော်လှန်ရေးတပ်တွေ မိုးမိတ် ကနေဆုတ်ခွာသွားတဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ နောက်ပိုင်းမှာ စုပေါင်းဒဏ်ခတ်တဲ့အနေနဲ့ နေအိမ် အလုံး ၁၅၀ ကျော်ကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီမတိုင်ခင် ဇန်နဝါရီ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ သူတို့အခြေစိုက်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အုန်းကြောရွာသစ်က ရွာသား ၂ ဦး သေဆုံး၊ ကလေး ၁ ယောက် ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၁၀ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

ဇန်နဝါရီ ၁၈ ရက်မှာ တော်လှန်ရေးတပ်ဘက်က စစ်ကောင်စီဗျူဟာစခန်းနဲ့ မိုးမိတ်မြို့မ ရဲစခန်းကို သိမ်းပိုက်ပြီး စစ်ကောင်စီက လေကြောင်းနဲ့ပြန်တိုက်တာကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရခဲ့ပြီး မိုးမိတ်မြို့ပေါ် ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း၊ နောက်တနေ့မှာလည်း လေကြောင်းနဲ့ ထပ်တိုက်တာကြောင့်  မိုးမိတ်မြို့မဈေးကြီး မီးလောင်ပြာကျခဲ့ကြောင်း၊ ပေါက်ပင်တန်းရပ်ကွက်ထဲက နေအိမ်အလုံး ၄၀ ကျော်က ပစ္စည်းတွေလည်း ဖောက်ထွင်း ခိုးယူခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဇန်နဝါရီ ၂၇ မှာ တော်လှန်ရေးအဖွဲ့တွေက အုန်းကြောနဲ့ ရွှေဇာလီရွာဘက်ဆုတ်သွားတော့ စစ်တပ်က အဲဒီရွာတွေကို လက်နက်ကြီးနဲ့ပစ်၊ မီးလောင်ဗုံးတွေကြဲချတာကြောင့် နေအိမ် အလုံး ၂၀၀ ပျက်စီးခဲ့ကြောင်း၊ လက်ခုပ်တန်းရပ်ကွက်က နေအိမ်အလုံး ၅၀ ဖောက်ထွင်းခံရပြီး မိုးမိတ် တောင်ဖက်ရပ်ကွက်က နေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရတာလို့ ဆိုပါတယ်။ 

စစ်ကောင်စီ တပ်မ ၉၉ တပ်သားတွေဟာ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ၃ ခုရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၁၉ ရက်မနက်က ရွာတော်လေးရပ်နေ မိသားတစုကို သေနတ်နဲ့ခြိမ်းခြောက်ပြီး အသက် ၂၄ နှစ်ရွယ် အမျိုးသမီး ၁ ဦးကို အုပ်စုဖွဲ့အဓမ္မကျင့်ခဲ့ကြောင်း၊ ဇန်နဝါရီ ၂၀ မှာလည်း လယ်တောထဲက ပြန်လာတဲ့ လင်မယား ၂ ယောက်ကိုဖမ်းပြီး အမျိုးသားကို အရင်ပစ်သတ်ကာ အမျိုးသမီးကို အဓမ္မပြုကျင့်ပြီး ပစ်သတ်ခဲ့ကြောင်း၊  ဇန်နဝါရီ ၂၆ မှာလည်း ရွှေဇာလီရွာအနီး တောထဲပုန်းနေတဲ့ အမျိုးသမီး ၁ ဦး အုပ်စုဖွဲ့အဓမ္မကျင့်ခံရပြီး  ဒဏ်ရာပြင်းစွာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားပါတယ်။ 

ဇန်နဝါရီ ၂၁ မှာလည်း သရက်တောရွာက မိန်းကလေး ၅ ယောက်ကို လိင်အကြမ်းဖက်ဖို့ ကြိုးစားခဲ့ကြောင်း၊ ရွာသားတယောက်က လာပြီးဟန့်တားစကားများလို့ မိန်းကလေးတွေကို လွှတ်ပေးလိုက်ပေမယ့် အဲဒီအမျိုးသားကိုတော့ ကြိုးနဲ့တုတ်ပြီးရိုက်နှက်ခဲ့တယ်၊ သေလားရှင်လားတော့ မသိဘူးလို့ ဆိုပါတယ်။ 

အဆိုပါတိုက်ပွဲတွေမှာ မိုးမိတ်မြို့ခံနဲ့ ရွာသားတွေ စုစုပေါင်း ၆၀၀၀ ကျော် စစ်ဘေး‌ ရှောင်ခဲ့ရတဲ့အထဲ ၄၀၀၀ ကျော်မှာ မိုးမိတ်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတွေ၊ မြို့စွန်ရွာ စွန်နဲ့ လယ်တောထဲမှာရော တောတောင်ထဲမှာပါ ပုန်းရှောင်နေကြပြီး ကျန် ၂၀၀၀ လောက်ကတော့ မန္တလေး၊ ကျောက်မဲနဲ့ ပြင်ဦးလွင်ဘက် ထွက်သွားကြတယ်။ 

လက်ရှိအခြေအနေ တိုက်ပွဲမရှိတော့ပေမယ့် စစ်ကောင်စီတပ်သားတွေ မြို့ထဲ ရွာထဲမှာ စခန်းချနေတာမို့ ဒေသခံတွေ ပြန်မနေရဲသေးဘူးလို့  ထုတ်ပြန်ချက်မှာ ဖော်ပြသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013