DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူ ဒုက္ခသည်စခန်းရှိ  ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်မှုထမ်းခိုင်းဖို့ အဓမ္မခေါ်သွား  
DVB
·
February 28, 2024
ကျောက်ဖြူ ဒုက္ခသည်စခန်းရှိ  ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်မှုထမ်းခိုင်းဖို့ အဓမ္မခေါ်သွား  
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မွတ်စလင် ၁၀၀ ကျော်ကို စစ်မှုထမ်းခိုင်းဖို့ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်တပ်က အဓမ္မခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်ထဲဝင်ဖို့ ဖိအားပေးပြီးနောက် ဒီမနက်ပိုင်း ၇ နာရီမှာ ကားတွေနဲ့လာရောက်ပြီး တောင်ကုတ်မြို့အခြေစိုက် စကခ ၅ ရဲ့လက်အောက်ခံ ကျောက်ဖြူမြို့က ခမရ ၅၄၂ တပ်ရင်းထဲကို ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “မနက် ၇ နာရီက လာခေါ်တာ။ ပထမက အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ လူ ၁၀၇ ယောက်ကို ခေါ်သွားတယ်။ ပြီးတော့ ထပ်ပြန်လာပြီး အသက် ၄၆ ကနေ ၅၅ နှစ်အထိ ၁၈ ယောက် ထပ်ခေါ်သွားတယ်။ ဘာပစ္စည်းမှ ယူသွားလို့ မရဘူး။ ဖုန်းတွေကိုလည်း စစ်တယ်။ သတင်းဌာနတခုနဲ့ စကားပြောတယ် ဆိုပြီးတော့လည်း လူတယောက်ကို ဖမ်းသွားတယ်။ အခု ရွာမှာ လူမကျန်သလောက်ပဲ” လို့ ပြောပါတယ်။

စစ်တပ်နဲ့ရဲ အင်အား ၁၀၀ ဝန်းကျင်လောက်က မနေ့က မနက်အစောပိုင်းကတည်းက စခန်းကို လာဝိုင်းထားခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနေ့ မနက် ၉ နာရီကလည်း ကျောက်ဖြူအခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၅၄၂ က စစ်ကောင်စီတပ်သား ၅၀ ကျော်နဲ့ အမှတ် ၃၂ ရဲတပ်ရင်းတို့က စစ်ကောင်စီတပ်သား ၂၀ လောက် ပူးပေါင်းပြီး ကျောက်ဖြူ ကျောက်တလုံး ဒုက္ခသည်စခန်းက အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ လူငယ် ၁၀၀ ကျော်ကို အတင်းအဓမ္မ ဖမ်းဆီးပြီး မဖြစ်မနေ စစ်မှုထမ်းဖို့အတွက် စာရင်းကောက်သွားသလို ရိုဟင်ဂျာလူငယ်နှစ်ဦးကိုပါ စစ်ဆေးဖို့အတွက်ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က မွတ်စလင် ဒုက္ခသည်စခန်းက တာဝန်ခံတွေကို စစ်တပ်ထဲကိုခေါ်ပြီး လူ ၁၅၀ ပေးဖို့ တောင်းခဲ့တာဖြစ်ပါတယ်။

ကျောက်ဖြူက ဒုက္ခသည် မွတ်စလင်တယောက်က “စစ်တပ်ကလူတွေလည်း စခန်းကို လာပြီးပြောတယ်မဖြစ်မနေ စစ်မှုထမ်းရမယ်။ လူ မပေးရင် နင်တို့ မိသားစုတွေ နာမယ်။ ၂၀၁၂ တုန်းက နင်တို့ကို ကယ်ထားတာ ဆိုပြီးပြောတယ်။ သူတို့က ရက်ပိုင်းအတွင်း လာခေါ်မယ်လို့ ပြောတာ၊ ကျနော်တို့ဘက်က တောင်းဆိုရင်းနဲ့ ဒီနေ့အထိ ရွှေ့လာတာ”လို့ ပြောပါတယ်။

စစ်သင်တန်းပေးပြီးရင် ဘယ်ကိုမှ မပို့ဘူးလို့ စစ်တပ်တာဝန်ရှိသူတွေက ပြောကြောင်းလည်း သူက ပြောပါတယ်။

စစ်တပ်ထဲဝင်ရမှာစိုးတဲ့အတွက် ယောကျ်ားလေးတချို့ တိမ်းရှောင်သွားခဲ့ကြပေမဲ့ မိသားစုတွေကို ဒုက္ခပေးမှာစိုးရိမ်ရတာကြောင့် ပြန်လာခဲ့ကြရတယ်လို့ သိရပါတယ်။

မွတ်စလင်တယောက်က “ရှောင်သွားတဲ့သူတွေရဲ့ ကျန်ခဲ့တဲ့ မိသားစုတွေကိုလည်း ဒီကနေ မောင်းထုတ်မယ်လို့ ခြိမ်းခြောက်တယ်။ ကျနော်တို့မှာ နောက်ထပ် ပြေးစရာမရှိဘူးလေ။ ဟိုးအရင်ကပဲ ဒီကနေ ထွက်မပြေးနိုင်အောင် ပိတ်ထားတာ။ ထွက်ပြေးရင်လည်း တခြားမြို့မှာ လမ်းမှာ မိရင် ဖမ်းပြီး ထောင်ချတာပဲ” လို့ ပြောပါတယ်။

အဲဒီ ဒုက္ခသည်စခန်းက မွတ်စလင်တွေဟာ မူလက ကျောက်ဖြူမြို့ပေါ်ရပ်ကွက်တွေက ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ မြို့ပေါ်က မွတ်စလင်ရပ်ကွက်တချို့ မီးရှို့ခံရပြီးနောက် ကျန်နေတဲ့ရပ်ကွက်ကလူတွေကို မြို့ပြင်ကိုပို့ထားခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင်က အသက်သွင်းပြီးနောက်မှာ ဥပဒေအတိုင်း မဟုတ်ဘဲ နိုင်ငံအနှံ့မှာ ပြည်သူတွေကို စစ်တပ်ထဲဝင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေး သွတ်သွင်းနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013