DVB Logo
Home
မြန်မာသတင်း
ကျောက်တလုံးဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများကို စစ်မှုထမ်းရန် စစ်ကောင်စီ ဖိအားပေး
DVB
·
February 28, 2024
ကျောက်တလုံးဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများကို စစ်မှုထမ်းရန် စစ်ကောင်စီ ဖိအားပေး
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ကျောက်တလုံး ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့အတွက် ကျောက်ဖြူမြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက အတင်းအားဓမ္မ ဖိအားပေးပြီး စာရင်းကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနက် ၉ နာရီမှာ ကျောက်ဖြူအခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၅၄၂ က စစ်ကောင်စီတပ်သား ၅၀ ကျော်နဲ့ အမှတ် ၃၂ ရဲတပ်ရင်းတို့က စစ်ကောင်စီတပ်သား ၂၀ ခန့် ပူးပေါင်းပြီး ကျောက်တလုံး ဒုက္ခသည်စခန်းက အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ လူငယ် ၁၀၀ ကျော်ကို အတင်းအဓမ္မ ဖမ်းဆီးပြီး မဖြစ်မနေ စစ်မှုထမ်းဖို့အတွက် စာရင်းကောက်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အမည်မဖော်လိုတဲ့ ကျောက်ဖြူဒေသခံတဦးက “ရဲပါ၊ စစ်သားတွေပါ ပေါင်းပြီးတော့ စခန်းထဲကို ဒေါသတကြီးနဲ့ ဝင်လာကြတယ်။ လူငယ်တွေ အကုန်လုံးကို ဂိုဒေါင်ကိုခေါ်ပြီးတော့ ဒီနိုင်ငံမှာနေတဲ့အတွက် စစ်မှုမဖြစ်မနေ ထမ်းရမယ်။ စစ်မှုမထမ်းချင်လို့ ထွက်ပြေးတာဖြစ်ဖြစ်၊ အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေဆီ ထွက်ပြေးရင် မိသားစုဝင်တွေပါ အရေးယူမယ်။ ကိုယ့်ဒေသကို ကာကွယ်ဖို့အတွက် မင်းတို့မှာပါ တာဝန်ရှိတယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ရိုဟင်ဂျာလူငယ်နှစ်ဦးကိုပါ စစ်ဆေးဖို့အတွက်ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘာကြောင့်ဖမ်းဆီးခံရလဲ ဆိုတာနဲ့ ဘယ်နေရာကို ဖမ်းဆီးသွားလဲ ဆိုတာကိုလည်း မိသားစုဝင်တွေ မသိရှိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“လူ ၁၀၀ ကျော်လောက်ကို ဂိုဒေါင်မှာ အတင်းအဓမ္မ စုခိုင်းတယ်။ စစ်မှုထမ်းဥပဒေကိုသိလား၊ ကိုယ့်ဒေသကို ကာကွယ်ဖို့ စစ်မှုထမ်းရမယ်၊ စစ်မှုထမ်းတယ်ဆိုတာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ်လို့ တပ်ရင်းမှူးကော တခြားစစ်ဗိုလ်တွေပါ ပြောတယ်။ လူငယ်နှစ်ယောက်ကိုပါ စစ်ဆေးချင်တယ်ဆိုပြီး ဖမ်းသွားတယ်၊ ဘယ်နေရာကို ဖမ်းသွားလဲ မသိဘူး။”

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအသွင်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေကို တမင်တကာ လက်နက်တပ်ဆင်ပေးကာ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေပြီး ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ်အတွင်းမှာ လူမျိုးရေး၊ ဘာသာရေး သဟဇာတဖြစ်အောင် ကူညီပံ့ပိုးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတခုမှ တက်ကြွလှုပ်ရှားသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရခိုင်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေက အရင်တုန်းကလည်း ဖြစ်ခဲ့တော့ ဒီပဋိပက္ခတွေ ပြန်ဖြစ်လာအောင်လို့ ရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်း၊ ပြည်သူ့စစ်တွေ အတင်းအဓမ္မ လုပ်ခိုင်းနေတာတွေကို အခုရက်ပိုင်းမှာ ပိုတွေ့လာရတယ်။ စစ်ကောင်စီဘက်က အခုလိုလုပ်နေတာက ရခိုင်ပြည်အတွင်းမှာ ပြည်သူတွေ အချင်းချင်း ပဋိပက္ခဖြစ်အောင် သဟဇာတိမဖြစ်အောင် အတူယှဉ်တွဲ နေလို့မရအောင် လုပ်နေတာဖြစ်တယ်။”

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်အောင် စစ်ကောင်စီဘက်က လုပ်ဆောင်နေတဲ့အပေါ် တုံ့ပြန်ချက်ရရှိဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းစက်ပိတ်ထားတာကြောင့် အဆက်အသွယ် မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေအပြင် စီးပွားရေးအတွက် အချက်အချာကျတဲ့ မြို့တွေကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားတာကြောင့် စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်တောမြို့တွေမှာလည်း ရိုဟင်ဂျာတွေကို အတင်းအဓမ္မဖိအားပေး စစ်မှုထမ်းခိုင်းကာ ရန်ကုန်၊ မန္တလေးမြို့တွေမှာလည်း ရခိုင်လူမျိုးတွေကို မုန်းတီးရေး၊ ပဋိပက္ခဖြစ်ရေး စာသားတွေနဲ့ ဝါဒဖြန့်နေပါတယ်။

စစ်ကောင်စီရဲ့ လူမျိုးရေးပဋိပက္ခအသွင်ဖြစ်အောင် ဖန်တီးနေမှုအတွက် ရခိုင်ဒေသတွင်း နေထိုင်နေကြတဲ့ ရခိုင်လူမျိုး အပါအဝင် ရိုဟင်ဂျာ၊ မွတ်ဆလင်၊ ဟိန္ဒူ၊ ကမန်၊ ခမီ၊ သက်၊ ဒိုင်းနက် လူမျိုးတွေကပါ စိုးရိမ်နေပြီး လူမျိုးရေးပဋိပက္ခအသွင်ဖြစ်အောင် လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို လက်မခံနိုင်တဲ့အပြင် ကန့်ကွက်ကြဖို့ တောင်းဆိုနေတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013