DVB Logo
Home
မြန်မာသတင်း
ရန်ကုန်အပါ မြို့နယ်တချို့တွင် ရပ်ကွက်ရုံးကတဆင့် စမတ်ကတ်လုပ်ရန် စည်းရုံးလှုံ့ဆော်
DVB
·
February 27, 2024
ရန်ကုန်အပါ မြို့နယ်တချို့တွင် ရပ်ကွက်ရုံးကတဆင့် စမတ်ကတ်လုပ်ရန် စည်းရုံးလှုံ့ဆော်
Donate to DVB

နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)ကို Smart card အဖြစ်ပြောင်းလဲဖို့ မြို့နယ် ရပ်ကွက် ကျေးရွာတွေမှာ စည်းရုံးနှိုးဆော်နေတဲ့အတွက် ပြည်သူတွေကြားမှာ စိုးရိမ်ပူပန်နေကြပါတယ်။

ရန်ကုန်၊ မန္တလေး၊ ပဲခူး စတဲ့ မြို့တွေအပါအဝင် မြန်မာနိုင်ငံဒေသအနှံ့မှာ နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်ကို ကွန်ပြူတာ ဒေတာစနစ်ထဲ ရေးသွင်းထားတဲ့ စမတ်ကတ်အဖြစ်ပြောင်းလဲလုပ်ကြဖို့ လိုက်လံစည်းရုံးလှုံဆော်တာတွေ ရှိတယ်လို့ ပြည်သူတွေဆီက သိရပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ထဲမှာ ပြီးတဲ့ ရက်ပိုင်းအတွင်း မှတ်ပုံတင်ကို စမတ်ကတ်လာလဲကြဖို့ ရပ်ကွက်ရုံးကတဆင့် စည်းရုံးလှုံ့ဆော်နေပြီး လူထုကတော့ စိုးရိမ် ပူပန်နေတယ်လို့ ဒေသခံတယောက် ဒီဗွီဘီကို ပြောပါတယ်။

“စမတ်ကတ်လုပ်တာကလေ သူတို့ ရပ်ကွက်ရုံးကနေ မိုက်နဲ့ လိုက်အော်တာ၊ ရပ်ကွက်ရုံးမှာ လာလုပ်ကြဖို့ လိုက်ပြောတာ။ လူတွေက ဘာလဲမသိတော့ သွားမလုပ်ရဲကြဘူး။ တချို့တော့ သွားလုပ်ကြတယ်၊ အဲ့ကတ်ရှိရင် ဘယ်ပဲဖြစ်ဖြစ်သွားလို့ရပီပေါ့။ ရွေးကောက်ပွဲအတွက်လား၊ စစ်မှုထမ်းတဲ့အတွက်လား၊ အသက်ပြည့်ပြီးတဲ့လူ စာရင်းကောက်တာလား သို့လောသို့လောနဲ့ပေါ့။ အဓိက သားပျို သမီးပျိူ မိသားစုတွေ လူငယ်တွေရှိတဲ့သူတွေက မလုပ်ရဲကြဘူး စောင့်ကြည့်နေကြတုန်းပေါ့။”

တချို့မြို့နယ်တွေမှာတော့ ရပ်ကွက်ရုံးက မဟုတ်ဘဲ လူဝင်မှုကြီးကြပ်ရေးရုံးက တိုက်ရိုက်လာရောက်ပြောဆို စည်းရုံးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပဲခူးမြို့မှာလည်း ပြည်ပထွက်ဖို့ နိုင်ငံကူးလက်မှတ်လုပ်ချင်ရင် စမတ်ကတ်ပြောင်းပြီးမှ စာအုပ်လုပ်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ လဝကရုံးဝန်ထမ်းတွေက ပြောဆိုတဲ့အတွက် အခကြေးငွေပေးပြီး စမတ်ကတ်တွေ လုပ်နေကြရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“လိုက်အော်တာမျိုးတော့မဟုတ်ဘူး။ ဒါပေမယ့် ပတ်စပို့လုပ်ရင် စမတ်ကတ်ပါမှလို့ပြောတော့ လူတွေက အကုန်တိုးကြိတ်ပြီးလုပ်နေတာ၊ တန်းစီးနေကြတာမနည်းဘူး။ စမတ်ကတ်ရဖို့ ၈၀၀၀ ပေးရတယ်၊ မတန်းစီချင်ဘူး ပွဲစားနဲ့ လုပ်ရင် ၃ သောင်းပေးရတယ်။ အဓိက ပြဿနာတက်မှာ CDM သမားတွေပေါ့။ နောက် ပြည်ပထွက်ဖို့ အသက်လျှော့ထားတဲ့သူတွေ အကုန်ဒုက္ခရောက်ပြီ။ အဲဒီ စမတ်ကတ်ဆိုတာ ငယ်စာရင်းလေဦ၊ အိမ်ထောင်စု စာရင်းထဲကအတိုင်း အကုန် အတိအကျထွက်တာဆိုတော့ လွယ်တာတော့ တော်တော်မလွယ်တော့ဘူး။”

နိုင်ငံသားစိစစ်ရေးကတ်မှတ်ပုံတင်ကို စမတ်ကတ်ပြောင်းလဲဖို့ စီမံချက်က အရင်အရပ်သားအစိုးရ လက်ထက် ကတည်းက  စတင်ခဲ့တာပါ။ 

လက်ရှိမှာ လူထုရဲ့ အကျိုးစီးပွားမဟုတ်ဘဲ စစ်ကောင်စီရဲ့ နောက်ယောင်ခံ လိုက်ဖို့အတွက် ကောက်ယူထားတဲ့ ဒေတာအချက်အလက်တွေကို စစ်တပ်အင်အားစုဆောင်းတာတွေမှာ အသုံးပြုလာမှာကို စိုးရိမ်ရတယ်လို့ ကမ္ဘာတဝှမ်း ဒီဂျစ်တယ်နဲ့ ပြည်သူ့အခွင့်အရေးဆိုင်ရာ တိုးမြှင့်ရေးနဲ့ ကာကွယ်ရေးအဖွဲ့ Access now ရဲ့ မြန်မာနိုင်ငံ တာဝန်ခံ မဝေဖြိုးမြင့်က ပြောပါတယ်။

“၂၀၂၃ အကုန်လောက်မှာ သူတို့က တနိုင်ငံလုံးရဲ့ ဒေတာပေါ့နော်၊ သူတို့ ကွန်ပြူတာစနစ်ထဲမှာ သွင်းပြီးသားဖြစ်တယ်လို့ ကျမတို့ နားလည်လို့ရတယ်ပေါ့။ သူတို့ တားဂတ်ထားချင်တဲ့ လူထု၊ တားဂတ်ထားချင်တဲ့ အသက်အရွယ်၊ တားဂတ်ထားချင်တဲ့ မိသားစုဆိုရင် အဲဒီ အိမ်ထောင်စုဇယားနဲ့လာရင် ရှောင်ဖို့အတွက် နည်းနည်းခဲယဉ်းမယ်ပေါ့။ တွေ့ရတာကတော့ ဒီစကစက သူတို့အစိုးရလက်ထဲမှာရှိနေတဲ့ ဒေတာမှန်သမျှကို အလွဲသုံးစားလုပ်ပြီးတော့ လူထုကို သူတို့ လိုချင်တာမှန်သမျှ စစ်အင်အား စုဆောင်းတဲ့နေရာမှာ အသုံးပြုလာနိုင်တယ်ဆိုတဲ့ အန္တရာယ်ပေါ့ လက်ရှိကို ကျမတို့မြင်နေရတဲ့ အနေအထားဖြစ်တယ်။ အဲတာ တော်တော်လေးကို စိုးရိမ်စရာဖြစ်တယ်။ လူထုမှာ ရှောင်ဖို့ တိမ်းဖို့အချိန်မရမှာ ကျမတို့ အဲတာတွေလည်း စိုးရိမ် ပါတယ်။”

နိုင်ငံတဝန်း နယ်မြို့ရှိ ရပ်ကွက်တွေမှာလည်း ပန်းရောင်မှတ်ပုံတင်ကတ်ကို စမတ်ကတ်အဖြစ်ပြောင်းလဲဖို့၊ ဧည့်နိုင်ငံသား ယာယီမှတ်ပုံတင်ကတ် စတာတွေအားလုံးကိုလည်း စမတ်ကတ်ပြောင်းလဲပေးဖို့ ပြောဆိုနေတာတွေရှိတယ်လို့ ပြည်သူတွေဆီက သိရပါတယ်။ 

စစ်မှုထမ်းဥပဒေထွက်လာပြီးတဲ့နောက်မှာ လူထုရဲ့ စိုးရိမ်မှုတွေက မြင့်တက်လာသလို စစ်ကောင်စီရဲ့ အချက်အလက်စုဆောင်းမှုကလည်း ပိုပြီးမြန်ဆန်တိကျလာတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

နိုင်ငံရဲ့ လူဦးရေ ၅၂ သန်းကျော် နဲ့ အိမ်ထောင်စုဇယား ၁၆ သန်းလောက်ရဲ့ ဒေတာအချက်အလက်တွေကို သိမ်းဆည်းကောက်ယူပြီးဖြစ်တယ်လို့ စစ်ကောင်စီဘက်က ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013