DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စစ်ပွဲများကြောင့် စစ်ဘေးရှောင် ၃ သိန်းကျော်အထိ တိုးလာကြောင်း AA ထုတ်ပြန်
DVB
·
February 27, 2024
ရခိုင်တွင် စစ်ပွဲများကြောင့် စစ်ဘေးရှောင် ၃ သိန်းကျော်အထိ တိုးလာကြောင်း AA ထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၃၃၁,၆၀၇ ဦးအထိ ရှိလာပြီလို့ ရက္ခိုင့်တပ်တော်ရဲ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ် ၁၄ ခု မှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ နီးစပ်ရာ ကျေးရွာ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အတည်တကျမဟုတ်တဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပြီးတော့ စစ်ဘေးရှောင်နေရတဲ့ မြို့နယ်တွေထဲမှာ ပေါက်တောမြို့နယ်က အများဆုံးဖြစ်ကာ စစ်ဘေးရှောင်ပြည်သူ ၁၁၇,၅၀၈ ဦးအထိ ရှိတယ်လို့ HDCO က ဆိုပါတယ်။

ပေါက်တောမြို့ပေါ်က စစ်ဘေးရှောင်လာတဲ့ ပြည်သူတဦးက “တိုက်ပွဲစဖြစ်တာနဲ့ အဝတ်အထည်၊ ကိုယ်တခုနဲ့ပဲ ရှောင်လာရသူတွေ အများကြီးပဲ။ အိမ်မှာရှိတဲ့ ပစ္စည်းတွေရော၊ ရွှေတွေ ငွေတွေရော ဘာမှပါမလာဘဲနဲ့ အသက်ရှင်ဖို့ တခုတည်းအတွက်နဲ့ ပြေးလာရသူတွေ အများကြီးရှိတယ်။ ရွာဘက်တွေမှာလည်း စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာက လုံလုံလောက်လောက် မရှိတော့ ပိုအခက်အခဲဖြစ်စေတယ်။ စစ်ဘေးရှောင်တွေမှာ လောလောလတ်လတ် အရေးပေါ် လိုအပ်နေတာက စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေပဲ။ နွေတက်လာရင် ရေပြဿနာပါ အခက်အခဲကြုံရနိုင်တယ်” လို့ ပြောပါတယ်။

ရခိုင်တိုက်ပွဲတာကာလအတွင်းမှာ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် ရေကြောင်း၊ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူဦးရေဟာ ၁၁၁ ဦးနဲ့ ဒဏ်ရာရှိသူက ၃၅၇ ဦးအထိ ရှိတယ်လို့ HDCO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်က ရခိုင်ပြည်သူတွေကို အဓိကပစ်မှတ်ထား ဖမ်းဆီးမှုတွေ ပြုလုပ်နေတာကြောင့် ရခိုင်ပြည်နယ်တွင်း ဖမ်းဆီးခံရသူ ၂၉၂ ဦးအထိရှိလာသလို စစ်တပ်က ဖုန်း၊ အင်တာနက်လိုင်းနဲ့ ဆက်သွယ်ရေးကွန်ရက်တွေ အားလုံးကို ဖြတ်တောက်ထားတာကြောင့် ဖမ်းဆီးခံရသူ၊ ဒဏ်ရာရရှိသူဦးရေအပြင် စစ်ဘေးရှောင်ဦးရေဟာ ပိုတိုးလာနိုင်တယ်လို့ HDCO က ဆိုပါတယ်။ 

HDCO ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတခုမှာ ကူညီ လုပ်ဆောင်နေတဲ့ အမျိုးသမီးတဦးက “ရန်ကုန်ကို ပြေးသူကပြေး၊ နယ်ဘက်ကို ရှောင်သူကရှောင်နဲ့ တိကျတဲ့ အချက်အလက်တွေတော့ သူတို့လည်း ရဦးမယ်မထင်ဘူး။ ရခိုင် ပြည်တွင်းမှာလည်း အင်တာနက်တွေ၊ သတင်းစီးဆင်းမှုတွေကိုပါ ဖြတ်ထားတော့ သေဆုံးသူဦးရေ၊ ဖမ်းဆီးခံရသူဦးရေ၊ ဒဏ်ရာရရသူ အချက်အလက်တွေကတော့ ပိုတိုးလာဦးမယ်၊ စစ်ဘေးရှောင် ဦးရေကတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေသမျှ များလာဦးမှာပဲ” လို့ ပြောပါတယ်။

ရခိုင်တိုက်ပွဲတာကာလအတွင်းမှာ စစ်တပ်က ရခိုင်ပြည်နယ်တဝန်းလုံး ခရီးသွားလာခွင့်၊ ကုန်စည်စီးဆင်းခွင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအပါအဝင် ဖုန်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေးကွန်ရက်တွေ အားလုံးကိုပါ ပိတ်ပင်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က အရေးပါတဲ့ မြို့တွေဖြစ်တဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ တောင်ပြိုစတဲ့ မြို့တွေအပြင် ချင်းပြည်နယ် ပလက်ဝမြို့တွေကို လက်လွှတ်ဆုံးရှုံးလိုက်ရတာကြောင့် ရန်ကုန်၊ မန္တလေး စတဲ့ မြို့တွေမှာ လူမျိူးရေးပဋိပက္ခ အသွင်ဖြစ်အောင် ဝါဒဖြန့်ချိနေတဲ့အပြင် ရခိုင်ပြည်နယ်အတွင်းကို လေကြောင်းနဲ့ လာရောက်တဲ့ လူငယ်တွေကိုပါ လေဆိပ်ကနေ ဖမ်းဆီးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013