DVB Logo
Home
မြန်မာသတင်း
ယူရေနီယံ အရောင်းအဝယ်ကိစ္စ ဆွေးနွေးခဲ့ခြင်းမရှိဟု RCSS ဥက္ကဋ္ဌ စဝ်ယွက်စစ် ငြင်းဆို  
DVB
·
February 26, 2024
ယူရေနီယံ အရောင်းအဝယ်ကိစ္စ ဆွေးနွေးခဲ့ခြင်းမရှိဟု RCSS ဥက္ကဋ္ဌ စဝ်ယွက်စစ် ငြင်းဆို  
Donate to DVB

ယူရေနီယံဓာတ်သတ္တုအကြောင်း နားမလည်တဲ့အပြင် အရောင်းအဝယ်ကိစ္စ ဘယ်သူနဲ့မှ မဆွေးနွေးခဲ့ဖူးဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)  ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်က Taifreedom New ရှမ်းသတင်းဌာနကို ပြောပါတယ်။

RCSS ခေါင်းဆောင်ဟာ ဂျပန်ယာကူဇာဂိုဏ်း ခေါင်းဆောင်ကနေတဆင့် အီရန်နိုင်ငံကို နျူကလီးယားဓာတ်သတ္တုကုန်ကြမ်းတွေ ရောင်းချဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး  ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်က တုံ့ပြန်ပြောကြားလိုက်တာပါ။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရှမ်းပြည်ထဲမှာ ယူရေနီယံသတ္တုထွက်တယ်လို့ သတင်းရလို့ဆိုပြီး နိုင်ငံခြားသားတယောက်က ဝယ်ချင်တယ်လို့ ပြောလာဖူးတယ်၊ ဒါပေမဲ့ သူ့အနေနဲ့ ဘယ်နေရာ ဘယ်ဒေသမှာ ယူရေနီယံ ထွက်တယ်ဆိုတာ တခါမှ မကြားဖူးဘူး၊ ယူရေနီယံ အကြောင်းကိုလည်း စိုးစဉ်းမှနားမလည်လို့ လေ့လာကြည့်ဦးမယ်လို့ဘဲ ပြန်ပြောခဲ့တယ်။ အရောင်းအဝယ်ကိစ္စ ဘယ်သူနဲ့မှ ဆွေးနွေးတာမရှိဘူး၊ အဲဒီစွပ်စွဲချက်တွေဟာ အရင်တုန်းကလိုပဲ သူ့ကို မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပတ်သက်တယ်လို့ တဖက်သတ်စွပ်စွဲခဲ့တဲ့ discredit (နာမည်ဖျက်) လုပ်ရပ်တခုပဲလို့  စဝ်ယွက်စစ်က ပြောတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်သတင်းတွေထုတ်လွှင့်နေတဲ့ သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာချုပ် စိုင်းမိဏ်းကလည်း နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ယူရေနီယံသတ္တုကိစ္စ တခါမှမကြားဖူးဘူးကြောင်းနဲ့ ရှမ်းပြည်နယ်ထဲမှာ ကျောက်မီးသွေးတူးဖော်မှုတွေကိုတောင် ပြည်သူတွေ လက်မခံလို့ ရပ်ထားကြရတယ်လို့  ဒီဗွီဘီကို ပြောပါ တယ်။

“မိုင်းကိုင်နဲ့ ကျေးသီး ကျောက်မီးသွေးထွက်တဲ့နေရာတွေ ကျနော် ရောက်ခဲ့ဖူးတယ်။ ရွာသားတွေ ကန့်ကွက်လို့ မိုင်းကိုင်မြို့နယ်ထဲမှာ ကုမ္ပဏီက အစမ်းလောက်ပဲ တူးရပြီး ရပ်နားထားရတယ်။ လူထုက ကျောက်မီးသွေး တူးဖို့ လုံးဝ လက်မခံဘူးလေ၊ ကျေးသီးဘက်က ကျောက်မီးသွေးလည်း ထို့နည်းတူပဲ ရွာသားတွေ ကန့်ကွက်လို့ ရပ်နားသွားတယ်။ ဒါပေမဲ့ အခု ၂၀၂၂ လောက်က စပြီး ‘ဝ’ ကုမ္ပဏီက ဝင်ရောက်တူးဖော်နေတယ်လို့ သတင်းရတယ်။  သီးခြားအတည်ပြုချက်တော့ မရဘူး။ လက်ရှိမှာ စစ်တပ်က အာဏာသိမ်းထားတော့ ရွာသားတွေ မကန့်ကွက်ရဲကြဘူး။ လက်ရှိတော့ ဆက်တူးနေတဲ့သဘော။ ဒါ့ကြောင့် ဒီကိစ္စက ၂၀၂၁ က ဖြစ်လာတဲ့ ကိစ္စဆိုတော့ ဆက်စပ်လို့ မရဘူးဖြစ်နေတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သံလွင်မြစ်ထဲက ရွှေကို ကျင်ယူဖို့ရာမှာတောင် ခက်ခဲတယ်ဆိုတော့ ယူရေနီယံက ပိုအလှမ်းဝေးကြောင်း၊ လက်ရှိ မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံကြားမှာ ညပ်နေတာဆိုတော့ ပထဝီနိုင်ငံရေးအရ ထုတ်ပြန်လေသလားလို့လည်း စဉ်းစားမိတယ်လို့  စိုင်းမိဏ်းက ပြောသွားပါတယ်။

“တစ်အချက် အဲဒါက ယူရေနီယံဆိုတာ လက်နက်ကိုင်တပ်က ဘယ်လို သိနိုင်မလဲပေါ့။ နှစ် ယူရေနီယံကနေ ပလူတိုနီယံအဆင့် သန့်စင်နိုင်တဲ့အဆင့်ရှိရင် ဒီလက်နက်ကိုင်တပ်ဖွဲ့တွေ ဒီအခြေအနေမှာ ရှိနေမယ် မထင်ဘူး သုံးသပ်မိတယ်။ လက်ရှိမှာလေ ဒီလက်နက်ကိုင်တပ်တွေက သံလွင်မြစ်ထဲက ရွှေကို ကျင်ယူတာတောင်မှ ခက်ခက်ခဲခဲနဲ့ လုပ်ယူရတယ်ဆိုတော့ ဒီဖြစ်လာတဲ့ ယာကူဇာကိစ္စက ကျနော်တို့ လိုက်လို့မမီနိုင်တဲ့အဆင့် ဖြစ်နေတယ်။ ယာကူဇာက ဘယ်လို ထွက်ဆိုလို့ အမေရိကန် ထောက်လှမ်းရေးတွေ ဘယ်လို ကောက်ချက်ချလဲ ဆိုတာ ကျနော်တို့လည်း အသေးစိတ်မသိဘူး။ ဂျီအိုပေါ်လစ်တစ်ကြောင့်လား စဉ်းစားစရာပါ။ ကျနော်တို့ ဒေသက အင်အားကြီးနိုင်ငံတွေရဲ့ ကြားမှာ ညပ်နေတယ်ဆိုတော့လေနော်။ ”

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တဦးဆီကနေ လက်နက် ထုတ်ရာမှာ သုံးတဲ့ နျူးကလီးယား ကုန်ကြမ်းပစ္စည်းတွေ ဝယ်ပြီး အီရန်နိုင်ငံကို ရောင်းစားဖို့ ကြံစည်မှုနဲ့ ဂျပန် ယာကူဇာဂိုဏ်းခေါင်းဆောင်တဦးကို အမေရိကန်က စွဲချက်တင်လိုက်တယ်လို့ CNN နဲ့ ရိုက်တာသတင်းတွေမှာ ဖော်ပြပါတယ်။

မှတ်တမ်းတင် ဖမ်းယူထားနိုင်တဲ့ ဗီဒီယိုကောလ် ခေါ်ဆိုမှုမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ရဲ့ ပွဲစားတွေက သူတို့ခေါင်းဆောင်ဆီမှာ နျူးကလီးယားကုန်ကြမ်း ကီလိုဂရမ် ထောင်ချီရှိကြောင်း၊ အဲဒီခေါင်းဆောင် ထိန်းထားနိုင်တဲ့ နယ်မြေမှာ နျူးကလီးယားကုန်ကြမ်း ငါးတန်လောက် ထုတ်လုပ်နိုင်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် တဦးလို့သာ ဖော်ပြပေမဲ့ ပြည်တွင်းသတင်းမီဒီယာတချို့ကတော့ အဆိုပါပုဂ္ဂိုလ်ဟာ  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS ) ဥက္ကဋ္ဌ ဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013