
သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စစ်တပ်ကိုပေးခဲ့တဲ့အတွက် တယ်လီနော မြန်မာကို နော်ဝေနိုင်ငံ၊ အက်စကာ နဲ့ ဘဲရမ် ခရိုင်တရားရုံးမှာ တရားစွဲလိုက်တယ်လို့ ဧပြီ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဆွီဒင်အခြေစိုက် Justice and Accountability Initiative (JAI) အဖွဲ့က ဦးဆောင်တဲ့ နစ်နာကြေးတောင်းခံဖို့အတွက် စွဲဆိုတဲ့ဒီအမှုကို နော်ဝေဥပဒေအကျိုးဆောင်အဖွဲ့ Simonsen Vogt Wiig က ရှေ့နေအဖြစ် ဆောင်ရွက်ပြီး Centre for Research on Multinational Corporations (SOMO) နဲ့ Open Society Justice Initiative (OSJI) တို့က ဝန်းရံကူညီပါတယ်။
နော်ဝေအစိုးရက ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ တယ်လီနောဟာ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာရှိနေတဲ့ သုံးစွဲသူ ၁၈ သန်းကျော်ရဲ့ အမည်၊ လိပ်စာ၊ ဘဏ်အကောင့်၊ ဖေ့စ်ဘွတ်ခ်အကောင့်၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းနဲ့ တည်နေရာ စတဲ့ ကိုယ်ရေးအချက်အလက်တွေကို သိမ်းဆည်းထားခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်က တောင်းဆိုတဲ့ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တယ်လီနော မြန်မာက ပေးအပ်ခဲ့ပြီး အထူးသဖြင့် အာဏာသိမ်းတာကို ဆန့်ကျင်သူတွေရဲ့ အချက်အလက်တွေကို လွှဲပြောင်းပေးခဲ့ရာမှာ နော်ဝေမှာရှိတဲ့ ရုံးချုပ်က မတားဆီးခဲ့တဲ့အပြင် တချို့အခြေအနေတွေမှာ ပေးလိုက်ဖို့ကိုတောင်မှ အကြံပြုခဲ့တယ်လို့ အမှုတွဲမှာ ဖော်ပြထားပါတယ်။
သုံးစွဲသူ ၁,၂၅၃ ယောက်ရဲ့ ဖုန်းနံပါတ်တွေဟာ စစ်တပ်ဆီကို လွှဲပြောင်းခံခဲ့ရတယ်လို့ အထောက်အထားတွေရှိကြောင်း JAI အဖွဲ့ကဆိုပြီး အချက်အလက် အလွဲသုံးစားလုပ်တာကို မတားဆီးနိုင်ခဲ့တဲ့အတွက် သုံးစွဲသူတယောက်ကို ယူရို ၉,၀၀၀ စီ နစ်နာကြေးပေးဖို့ တောင်းဆိုထားပါတယ်။
ဒီနစ်နာကြေးဟာ ငွေကြေးဆုံးရှုံးမှုထက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုနဲ့ ဘေးကင်းလုံခြုံမှုအတွက် တောင်းဆိုတာလို့ ဆိုပါတယ်။
OSJI ရဲ့ ဥပဒေအကြံပေး ဘေးနီယေးက “တကယ်လို့ ဒီအမှုအောင်မြင်ခဲ့ရင် အာဏာရှင်တွေရဲ့လက်ထဲကို သုံးစွဲသူအချက်အလက်တွေ မရောက်အောင် မကာကွယ်နိုင်ခဲ့တဲ့ ဆက်သွယ်ရေးကုမ္ပဏီတခုကို အရေးယူနိုင်တဲ့ ကမ္ဘာ့ပထမဆုံးစံပြအမှု ဖြစ်လာမှာပါ” လို့ ပြောပါတယ်။
အချက်အလက် တောင်းဆိုတာတွေကို မြန်မာနိုင်ငံမှာရှိတဲ့ရုံးက နော်ဝေရုံးချုပ်ကို အဆင့်ဆင့် တင်ပြခဲ့တဲ့ အထောက်အထားတွေရှိပြီး နော်ဝေရုံးချုပ်မှာရှိတဲ့ အန္တရာယ်ဆန်းစစ်ရေးအဖွဲ့က လူ့အခွင့်အရေးချိုးဖောက်တာတွေ ဖြစ်လာနိုင်တာကို သိလျက်နဲ့ ခွင့်ပြုခဲ့လို့ ပင်မကုမ္ပဏီမှာ တိုက်ရိုက်တာဝန်ရှိတယ်လို့ ရှေ့နေတွေက ဆိုပါတယ်။
တယ်လီနောကတော့ သူတို့အနေနဲ့ ပြည်တွင်းဥပဒေအရ လိုက်နာဖို့တာဝန်ရှိပြီး ဝန်ထမ်းတွေ ဘေးကင်းရေးအတွက် အချက်အလက်တွေ ပေးခဲ့ရတာလို့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ တုံ့ပြန်ခဲ့ပါတယ်။
တယ်လီနောအုပ်စုဟာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ သတိပေးနေတဲ့ကြားက မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းခွဲကို စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ ကုမ္ပဏီတခုဆီကို ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လမှာ မြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့ပါတယ်။
ဒီအမှုမှာ ထင်ရှားတဲ့ နစ်နာသူနှစ်ယောက်ကတော့ ကိုဇေယျာသော် နဲ့ ကိုအောင်သူ တို့ ဖြစ်ကြပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ကိုဇေယျာသော်ရဲ့ ဖုန်းမှတ်တမ်းတွေကို စစ်တပ်က တောင်းဆိုချိန်မှာ ကိုဇေယျာသော် ဖမ်းဆီးခံရနိုင်တယ်လို့ သိထားပေမဲ့ နော်ဝေရုံးချုပ်ရဲ့ သဘောတူညီချက်နဲ့ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
တက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ ကိုအောင်သူဟာလည်း အမှုတခုကနေ လွတ်မြောက်ကာနီး သူ့ရဲ့ ဖုန်းအချက်အလက်တွေကို တယ်လီနောဆီကရပြီးနောက် အကျဉ်းထောင်ဝမှာပဲ ပြန်လည်ဖမ်းဆီးခံရပြီး နောက်ထပ် ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခံခဲ့ရပါတယ်။
လက်ရှိမှာတော့ ဒီအမှုကို လူထုကိုယ်စားပြုအမှုအဖြစ် လက်ခံဖို့ ရှိ၊ မရှိ တရားရုံးက ဆုံးဖြတ်ဦးမှာ ဖြစ်ပါတယ်။










