DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လူမှုကွန်ရက်တွင် လူပျောက်ကြော်ငြာများလာ
DVB
·
February 25, 2024
စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လူမှုကွန်ရက်တွင် လူပျောက်ကြော်ငြာများလာ
Donate to DVB

အခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေ အသက်ဝင်တယ်လို့ ကြေညာပြီးနောက်ပိုင်း ရန်ကုန်နဲ့ တခြားတိုင်းနဲ့ပြည်နယ်တွေမှာ အနည်းဆုံး လူငယ် ၆၀ လောက် ပျောက်ဆုံးနေပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း လူပျောက်ကြော်ငြာတာတွေ နေ့စဉ်ဆိုသလို တွေ့မြင်နေရတယ်လို့ လူမှုကွန်ရက် သုံးစွဲသူတွေက ပြောပါတယ်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်နေသူ တယောက်က “အခုရက်ပိုင်းတွေထဲ ဖေ့စ်ဘွတ်ခ်ကို သုံးချင်စိတ်တောင် မရှိဘူး။ ဖွင့်လိုက်တာနဲ့ လူပျောက် ကြော်ငြာတာတွေပဲ တက်တက်လာတယ်။ တရက်ကို ၂ ယောက် ၃ ယောက် ပျောက်နေကြတာ။ ပြန်တွေ့တာတော့ မမြင်ရဘူး။ အခုကလည်း စစ်မှုထမ်းဥပဒေကို အသက်သွင်းထားတယ်ဆိုတော့ လူငယ်တွေကို သတိရှိစေချင်တာပါ” လို့ ပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီလအစပိုင်းကနေ လက်ရှိအချိန်ထိ ရန်ကုန်တိုင်း၊ ရှမ်း၊ ရခိုင်နဲ့ မွန်ပြည်နယ်အတွင်းက လူငယ်ပိုင်း အမျိုးသားနဲ့ အမျိုးသမီး ၆၀ လောက် ပျောက်ဆုံးနေပြီး အဆက်သွယ်မရကြသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ပျောက်ဆုံးနေသူ လူငယ်တယောက်ရဲ့ မိခင်က “အန်တီသားက အသက် ၂၁ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့ ၁၁ ရက်နေ့တည်းက သင်တန်းသွားတာ ပြန်မလာတော့ဘူး။ သင်တန်းကို ဖုန်းဆက်တော့လည်း မရောက်ဘူးတဲ့။ လူပျောက်ကြော်ငြာမှာလည်း ဖုန်းနံပါတ်နဲ့တကွ တင်ထားသလို ရဲစခန်းလည်း တိုင်ထားတယ်။ ဒီနေ့ထိ ဘာအဆက်သွယ်မှ မရသေးဘူး” လို့ ပြောပါတယ်။

ရန်ကုန်မှာ လူငယ်တွေကို စစ်သင်တန်းတက်ဖို့ စုဆောင်းတာတွေရှိနေသလို တပ်သားသစ် စုဆောင်းရရှိရေးအတွက် စစ်တပ်က ပေါ်တာဆွဲနေတာတွေရှိတယ်လို့လည်း ရန်ကုန်မြို့ခံတွေကြား ပြောဆိုနေကြပါတယ်။

ဥပဒေလေ့လာသူတယောက်ကတော့ စစ်မှုထမ်းဥပဒေကို ဟန်ပြလုပ်တာလို့မြင်ပြီး စစ်တပ်က အသုံးချနေတာလို့ ပြောပါတယ်။

“စစ်တပ်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ခိုက်တဲ့နေရာမှာ အရေးနိမ့်တာတွေ များလာတယ်။ ဒါကလည်း ပြည်သူတွေအနေနဲ့ အဲဒီအဖွဲ့တွေကို အားပေးမှုတွေ လုပ်နေတာကိုး။ ဒါကို စစ်တပ်က သိလို့ အသုံးချပြီး ဒီဥပဒေကို အသက်သွင်းလိုက်တာပဲ။ ရှင်းရှင်းပြောရရင် မင်းတို့အခုလို ထောက်ခံနေသရွေ့ အခုလိုပဲ ကြုံနေရမယ်ဆိုပြီး လုပ်ပြနေတာ” လို့ ပြောပါတယ်။

အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီက စတင်အသက်သွင်းခဲ့ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အသက်အရွယ်အရ အကျုံးဝင်သူ ၁၃ သန်းကျော် ရှိနေ​တယ်လို့ ပြောဆိုထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကိုလည်း ဗဟိုအဆင့်၊ တိုင်းနဲ့ ပြည်နယ်အဆင့် ဖွဲ့စည်းခဲ့ပြီး ဒီမတိုင်ခင်ကတည်းက တချို့မြို့နယ်တွေမှာ စစ်မှုထမ်းဖို့ စာရင်းကောက်ခံတာ၊ လူတောင်းတာတွေကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေက ပြုလုပ်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013