DVB Logo
Home
မြန်မာသတင်း
ရွှေကူမြို့နယ်၊ မြို့လှမြို့နှင့် စခန်းကုန်းကို ကေအိုင်အေနှင့် ပူးပေါင်းတပ်များ ထိန်းချုပ် 
DVB
·
February 24, 2024
ရွှေကူမြို့နယ်၊ မြို့လှမြို့နှင့် စခန်းကုန်းကို ကေအိုင်အေနှင့် ပူးပေါင်းတပ်များ ထိန်းချုပ် 
Donate to DVB

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့လှမြို့ရှိ ဗျူဟာကုန်းတပ်စခန်းကနေ စစ်ကောင်စီတပ်တွေ စခန်းစွန့်ခွာသွားပြီးတဲ့နောက် မြို့လှမြို့နဲ့ စခန်းကုန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ပြီလို့ မြို့လှ PDF က ဖေဖော်ဝါရီ  ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီဗျူဟာကုန်း တပ်စခန်းမှာ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၈၇ တပ်ရင်းနဲ့ ဗျူဟာမှူး ဝင်းသူရအောင် ဦးစီးကွပ်ကဲတဲ့ တပ်စခန်းဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်က ရွှေကူဘက်ကို ဦးတည်ပြီး စခန်းစွန့်ခွာသွားခဲ့တာလို့ မြို့လှ KPDF တပ်ဖွဲဝင်တဦးက ပြောပါတယ်။

“ကျနော်တို့ ထိန်းချုပ်နယ်မြေကတော့ စစ်ကိုင်းအထက် ကောက်ကွေ့ချောင်းကနေ ပြီးတော့ မိုးကောင်းချောင်းအထိ။ အဲထဲမှာ လက်ရှိကျန်နေတဲ့ တပ်စခန်းက သုံးခုရှိခဲ့တာ။ ဆင်ဘိုရယ်၊ ကျောက်ကြီးရယ်၊ မြို့လှရယ်ပေါ့။ အဲဒီ သုံးခုကျန်နေတဲ့အထဲမှာ မြို့လှကတော့ ဗျူဟာထိုင်ထားတဲ့ စခန်းကုန်း အခိုင်အမာဆောက်ထားတဲ့ စခန်းကုန်းတခုပေါ့။ ၂၀၀၂ ကနေပြီးတော့ တည်ဆောက်ထားတဲ့ စခန်း။ အဲဒီစခန်းက ဗျူဟာမှူး ငြိမ်းသူရအောင် ခမရ ၃၈၇ ရဲ့  ဗျူဟာမှူးပေါ့။ သူအပါအဝင် အဲ့တပ်ရင်းက ၂၂ ရက်နေ့ ၁၂ နာရီခွဲကတည်းက မြို့လှကနေ စခန်းစတင်စွန့်ခွာတယ်။ စခန်းစွန့်ခွာပြီးတော့ သူကွပ်ကဲထားတဲ့ လက်အောက်ခံ ကျောက်ကြီးစခန်းကလည်း ခလရ ၁၀ က ရွှေငြိမ်းချမ်းတပ်စခန်း သိမ်းတုန်းက ဆုတ်လာခဲ့တဲ့ တပ်တွေပေါ့။ သူတို့ကလည်း သူရဲ့အဖွဲ့ဖြစ်တော့ သူနဲ့အတူ အကုန်လုံး ဆုတ်ခွာသွားတာ ဖြစ်တယ်။ ကျောက်ကြီးတပ်စခန်းနဲ့ မြို့လှတပ်စခန်းကတော့ စခန်း နှစ်ခုလုံး ဆုတ်ခွာသွားပြီ။”

အကြမ်းမဖက် လက်နက်ချပြီး ပြည်သူ့ဘက် အလင်းဝင်ရောက်ကြဖို့ သတိပေးစာကို ကေအိုင်အေက မြို့လှတပ်စခန်း၊ ကျောက်ကုန်းတပ်စခန်းနဲ့ ဆင်ဘိုတပ်စခန်းတို့ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က ပေးပို့ခဲ့တာာဖြစ်ပြီး ၃ ရက်အကြာ ဖေဖော်ဝါရီ ၂၂ ရက်မှာ  မြို့လှတပ်စခန်းနဲ့ ကျောက်ကုန်းတပ်စခန်းက စခန်းစွန့်ခွာသွားခဲ့ကြတာပါ။

ဒါ့အပြင် မြို့လှမြို့နဲ့ မိုင်၂၀အကွာက ဆင်ဘိုမြို့ကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းပိတ်ဆို့ တိုက်ခိုက်နေပြီး တိုက်ပွဲကတော့ နားလိုက် တိုက်လိုက် ဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိစွန့်ခွာသွားတဲ့ တပ်စခန်းတွေမှာ စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော် လောက် အထိုင်ချတပ်စွဲထားတဲ့ စခန်းကြီးတွေဖြစ်ပြီး ကေအိုင်အေ တပ်မဟာ ၈ နယ်မြေအတွင်း အရေးပါတဲ့ တပ်စခန်းကြီးတခုဖြစ်ပါတယ်။

မြို့လှ KPDF တပ်ဖွဲဝင်တဦးက “မြို့လှကတော့ အင်အားနဂိုရှိတာ ဒီဗျူဟာကုန်းအထိုင်ဆိုလို့ရှိရင် ၁၇၀ ကျော်လောက် ဝန်းကျင်ရှိတယ်။ ဒီရွှေငြိမ်းချမ်းစခန်း ကျနော်တို့ သိမ်းလိုက်တဲ့အချိန်မှာ မသေလို့ ကျန်ပြီးမှ ကျောက်ကြီးကို လာပေါင်းတဲ့သူတွေနဲ့ဆိုရင် အားလုံးပေါင်း ၁၉ ယောက်လောက်ပဲ ကျန်တာ ဖြစ်တယ်။ တပ်ပေါင်းစုလို ဖြစ်သွားတော့ ၂၂၀ ဝန်းကျင်လောက်ရှိတယ်။ အခုကျန်နေတဲ့ စခန်းတခုက ဆင်ဘိုဖြစ်တဲ့အတွက် ဆင်ဘိုကို ကျနော်တို့ အားစိုက်ထုတ်နေပါတယ်”လို့ ပြောပါတယ်။

၂၀၀၂ ခုနှစ်တုန်းက အထိုင်တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၈၇ ဟာ  ဗျူဟာစခန်းကုန်းကို စွန့်ခွာသွားပြီးနောက် စခန်းကုန်းနဲ့ မြို့လှမြို့ကို  ကေအိုင်အေအမှတ် ၅ တပ်ရင်းနဲ့ မြို့လှ KPDF တပ်ရင်းတို့က ထိန်းချုပ်ထားလိုက်တာပါ။

မြို့လှမြို့နယ်ခွဲဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစပ်မှာ ရှိတာဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်  တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ နေရာလည်း ဖြစ်ပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013