
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းက စစ်အာဏာရှင်တပ်ရဲ့ အရေးပါတဲ့ စခန်းကုန်း ၃ ခုကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ဇွန် ၂၇ ရက်က သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ် နေရာတွေမှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ဖို့ စစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတဲ့အပြင် ကုန်းလမ်း၊ ရေလမ်းတွေမှာလည်း နည်းမျိုးစုံနဲ့ ထိုးဖောက်ဖို့ ကြိုးစားနေရလို့ ရက္ခိုင်-ဧရာဝတီအစပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာလို့လည်း AA က ထုတ်ပြန်ပါတယ်။
ဒီထိုးစစ်တွေအတွင်းမှာပဲ AA ဘက်က ခုခံစစ်၊ တန်ပြန်တိုက်စစ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က စစ်တပ်ရဲ့ ပွိုင့် ၂၈၈ ကုန်းကို ဇွန် ၁၇ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ပွိုင့် ၁၈၈ ကုန်းကို ဇွန် ၁၉ ရက်၊ ပွိုင့် ၁၄၈ ကုန်းကို ဇွန် ၂၁ ရက်နေ့မှာ ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီစခန်းကုန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်အာဏာရှင်တပ်ရဲ့ ရုပ်အလောင်းချို့နဲ့အတူ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်တွေ၊ ကျောက်ဖြူမြို့ပတ်ဝန်းကျင်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ပဲခူးအစပ်၊ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့အစပ် နေရာတွေအပြင် အာရက္ခတပ်တော် လှုပ်ရှားရာနေရာအနှံ့အပြားမှာလည်း စစ်တပ်ဘက်က ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း AA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။










