DVB Logo
Home
နိုင်ငံတကာ
ပုဂ္ဂလိကပိုင် အာကာသယာဉ် လပေါ်သို့ ပထမဆုံးအကြိမ် အောင်မြင်စွာဆင်းသက်
DVB
·
February 23, 2024
ပုဂ္ဂလိကပိုင် အာကာသယာဉ် လပေါ်သို့ ပထမဆုံးအကြိမ် အောင်မြင်စွာဆင်းသက်
Donate to DVB

လပေါ်ကို အာကာသယာဉ် ဆင်းသက်နိုင်တဲ့ ပထမဆုံးကုမ္ပဏီအဖြစ် အမေရိကန်နိုင်ငံ ဟူစတန်အခြေစိုက် Intuitive Machines ကုမ္ပဏီဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ သမိုင်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအတွက်လည်း ၁၉၇၂ ခုနှစ်က အပိုလိုမစ်ရှင်နောက်ပိုင်း အနှစ် ၅၀ ကျော် အကြာမှာ လပေါ်ကို ပထမဆုံးအကြိမ် ပြန်လည်ဆင်းသက်နိုင်တာ ဖြစ်ပါတယ်။

အော်ဒီးစီးယပ်စ်လို့ အမည်ပေးထားတဲ့ လူမဲ့လဆင်းယာဉ်ဟာ လတောင်ဝင်ရိုးစွန်းနားမှာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

လဆင်းယာဉ် ဆင်းသက်သွားချိန်မှာ အဆက်အသွယ်ရဖို့ မိနစ်ပိုင်း အချိန်ယူခဲ့ရပြီး နောက်ဆုံးမှာတော့ အချက်ပေးမှုကို လက်ခံရရှိခဲ့ပါတယ်။

ပျံသန်းမှု ညွှန်ကြားရေးမှူး တင်မ်ခရိန်းက “ကျနော်တို့ သံသယရှိစရာမလိုဘဲ အတည်ပြုနိုင်တာကတော့ ကျနော်တို့ရဲ့ စက်ကိရိယာဟာ လမျက်နှာပြင်ပေါ် ရောက်ရှိနေပြီး အချက်အလက်တွေ ပေးပို့နေပါတယ်” လို့ ထုတ်ပြန်ပါတယ်။

အော်ဒီးစီးယပ်စ်ဟာ ဖေဖော်ဝါရီ ၂၂ ရက် ဂရင်းနစ်စံတော်ချိန် ၂၃ နာရီ ၂၃ မိနစ်  (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၃ ရက် မနက် ၅ နာရီ၊ ၅၃ မိနစ်) မှာ လမျက်နှာပြင်ပေါ် ဆင်းသက်နိုင်တာဖြစ်ပြီး စစချင်းမှာ ဆက်သွယ်မှု ကောင်းကောင်းမရခဲ့ပါဘူး။

နာရီတော်တော်ကြာမှ ဓာတ်ပုံတွေ အပါအဝင် အချက်အလက်တွေ ပေးပို့နိုင်တာ ဖြစ်ပါတယ်။ ဆင်းသက်တဲ့နေရာဟာ မာလာပါ့တ်လို့ခေါ်တဲ့ ငါးကီလိုမီတာမြင့်တဲ့ တောင်တန်းဒေသနားက ချိုင့်ဝှမ်းကြီးထဲမှာ ဖြစ်ပါတယ်။

လရဲ့ တောင်ဝန်ရိုးစွန်းနဲ့ ၈၀ ဒီဂရီအကွာမှာ ဆင်းသက်နိုင်မှုဟာ လရဲ့ တောင်ဘက်အကျဆုံး နေရာမှာ ဆင်းသက်နိုင်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အားတီးမစ် ပရိုဂရမ်အရ ဒီဆယ်စုနှစ်တွေထဲ အာကာသယာဉ်မှူးတွေ ဆင်းသက်ဖို့ အမေရိကန် အာကာသအေဂျင်စီ (နာဆာ) က စီစဉ်ထားတဲ့ နေရာတွေထဲက တခုလည်း ဖြစ်ပါတယ်။

ဒီနေရာက ချိုင့်ဝှမ်းကြီးတွေဟာ နေရောင်ဘယ်တော့မှမတွေ့ရတဲ့ နေရာတွေဖြစ်ပြီး အမြဲတမ်း အရိပ်ထဲမှာ ရှိနေတဲ့နေရာလို့ ပြောနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီထဲတွေမှာ အေးခဲနေတဲ့ရေ ရှိနိုင်တယ်လို့ ယူဆထားပါတယ်။

နာဆာရဲ့ ဂြိုဟ်ကမ္ဘာသိပ္ပံဆိုင်ရာ ညွှန်ကြားရေးမှူး လောရီဂလေ့ဇ်က “ရေခဲက အရမ်းအရေးကြီးပါတယ်။ လမျက်နှာပြင်က ရေခဲကိုသာ အမှန်တကယ် အသုံးချနိုင်ရင် ကျနော်တို့နဲ့အတူ သယ်သွားမယ့်ပစ္စည်း နည်းသွားမှာပါ။ ရေခဲကို ရေပြောင်းနိုင်တယ်။ သောက်သုံးရေအဖြစ် ပြောင်းနိုင်၊ အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ထုတ်ပြီး လောင်စာနဲ့ အသက်ရှူဖို့ပါ သုံးနိုင်မှာဖြစ်ပါတယ်” လို့ သုံးသပ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013