DVB Logo
Home
မြန်မာသတင်း
မြန်မာအာကာသယာဉ်မှူး  ၂၀၂၈ ခုနှစ်တွင် အာကာသသို့ စေလွှတ်မည်ဟုဆို 
DVB
·
August 24, 2026
Photo: MOI
Photo: MOI
Donate to DVB

၂၀၂၈ ခုနှစ်မှာ အာကာသထဲကို မြန်မာအာကာသယာဉ်မှူးနဲ့ အာကာသယာဉ် စေလွှတ်မယ်လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ ပြောခွင့်ရသူ ဒေါက်တာခိုင်ခိုင်းစိုးက ပြောကြားလိုက် ပါတယ်။

ဩဂုတ် ၂၃ ရက်က ရုရှားကနေ  နေပြည်တော်ကို ပြန်လည်ရောက်ရှိလာတဲ့ စစ်အာဏာရှင်နဲ့အတူ ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ဒေါက်တာခိုင်ခိုင်းစိုးက ရုရှားခရီးစဉ်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ပြောကြားရာမှာ ထည့်ပြောသွားတာပါ။

“အာကာသဂြိုဟ်တုနည်းပညာနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့တာတွေ အများကြီးပါ။ အဓိကတော့ ၄ ခုပါ။ ၂၀၂၈ ခုနှစ်မှာ ကျမတို့ မြန်မာနိုင်ငံက အာကာသယာဉ်မှူးကို အာကာသယာဉ်နဲ့ စေလွှတ်နိုင်ရေး၊ ဒါက အဓိက အရေးအကြီးဆုံးအချက်ပါ။”

ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေး Station တည်ဆောက်ရေး၊ ကမ္ဘာမြေအနီးသို့ ကျရောက်လာနိုင်တဲ့ အာကာသအန္တရာယ်ရှိ အရာဝတ္ထုတွေကို စောင့်ကြည့်ကာကွယ်နိုင်ရေးအတွက် Station တည်ဆောက်ဖို့ စတဲ့အချက်တွေလည်း ဆွေးနွေးခဲ့တယ်လို့ ဒေါက်တာခိုင်ခိုင်းစိုးက ပြောပါတယ်။

ရန်ကုန်မြို့က နည်းပညာတက္ကသိုလ် ကျောင်းသားတယောက်က “အပ်တောင် မထုတ်နိုင်တဲ့ ကောင်တွေက အာကာသသွားမယ်ဆိုတော့ ရယ်စရာကောင်းမနေဘူးလား။ အာကာသသွားဖို့ဆိုတာ လွယ်တဲ့ကိစ္စလား။ သူတို့ထက် အဆပေါင်းများစွာ ချမ်းသာတဲ့နိုင်တွေတောင် မလုပ်နိုင်သေးတာ။ ကမ္ဘာမှာ အဆင်းရဲဆုံးအမွဲတေဆုံးနိုင်ငံက ၂ နှစ်အတွင်း အာကာသသွားမယ် ဆိုတာက ဦးနှောက်ရှိတဲ့သူတွေဆို ပြောရဲမှာ မဟုတ်ဘူး”လို့ DVB ကို မှတ်ချက်ပြုပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ဒီတခေါက် ရုရှားခရီးစဉ်မှာ အစိုးရချင်း MoU ၁၂ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အဲဒီအထဲမှာ အာကာသနဲ့သက်ဆိုင်တဲ့ ကဏ္ဍ ၄ ခုအတွက်လည်း လက်မှတ်ထိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ကျန်းမာရေး၊ ပညာရေး၊ အာကာသနဲ့ နည်းပညာကဏ္ဍ၊ သိပ္ပံနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပူးပါင်းလုပ်ဆောင်ကြဖို့ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရုရှားသမ္မတ မာပူတင်နဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်မှာ နှစ်ပေါင်းများစွာ မအောင်မြင်ဖြစ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ရုရှားသမ္မတပူတင်က မင်းအောင်လှိုင်နဲ့ ‌တွေ့ဆုံစဉ် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာက ယုံကြည်ရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ ပြောလိုက်တဲ့အကြောင်းလည်း ဒေါက်တာခိုင်ခိုင်စိုးက မီဒီယာတွေကို ပြောပါတယ်။

“မြန်မာနိုင်ငံကို အရှေ့တောင်အာရှမှာ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေရင်းနိုင်ငံတခုလို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။”

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို ဩဂုတ် ၁၇ ရက်ကနေ ၂၃ ရက်အထိ သွားရောက်ခဲ့တာဖြစ်ပြီး မနေ့က နေပြည်တော်ကို ပြန်လည်ရောက်ရှိလာပါတယ်။

သူ့ရဲ့အပြန်ခရီးကို စစ်တပ်ထောက်ခံသူတွေ၊ မဘသနဲ့ အမျိုးသားရေးသမားတွေအပြင် စစ်တပ် ထောက်ခံတဲ့ အနုပညာရှင်တွေကို နေပြည်တော်အထိခေါ်ပြီး ကြိုဆိုခိုင်းခဲ့တာလည်း တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013