DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းလုပ်သားများကို ပွဲစားများက နည်းမျိုးစုံဖြင့် လိမ်လည်နေ
DVB
·
February 22, 2024
မြန်မာရွှေ့ပြောင်းလုပ်သားများကို ပွဲစားများက နည်းမျိုးစုံဖြင့် လိမ်လည်နေ
Donate to DVB

ထိုင်းမှာ နေထိုင်ခွင့် အထောက်အထားရဖို့ ပန်းရောင်ကတ်လုပ်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ပွဲစားတွေရဲ့ ဈေးမတန်တဆတောင်းတာနဲ့ လိမ်လည်တာတွေ ခံနေရပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် တရာဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့ ဘတ်ရိုက်တယ်လို့ခေါ်တဲ့ ပန်းရောင်ကတ်နဲ့ CI ပြုလုပ်တဲ့ လုပ်ငန်း‌ေဉ်တွေကို ဝန်ဆောင်မှုပေးနေတဲ့ မြန်မာပွဲစားတွေဟာ ထိုင်းအစိုးရ သတ်မှတ်စျေးနှုန်းတွေထက်ကျော်လွန်ပြီး တောင်းခံတာအပြင် ပိုက်ဆံလိမ်တောင်းပြီး မလုပ်ပေးတာတွေလည်း ရှိနေတယ်လို့ နစ်နာသူတွေနဲ့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

ပွဲစားတွေဟာ အလုပ်သမားတဦးကို ဘတ် ၁၀၀၀၀ ကနေ ၁၄၀၀၀ အထိ တောင်းယူပြီး ဆောင်ရွက်ပေးနေကြကာ အမည်စာရင်း တင်သွင်းတဲ့ စာရွက်တွေကို အတုပြုလုပ်ပေးတဲ့ ပွဲစားတွေကြောင့် နစ်နာနေကြတယ်လို့ ထိုင်းနိုင်ငံရောက် အလုပ်သမားတွေဆီက သိရပါတယ်။

“ကျနော့်ဆီမှာ Name List တခုတည်းရှိတယ်၊ ဝါ့ပါမစ်က မရှိသေးဘူး။ အလုပ်တွေကလည်း ဝါ့ပါမစ် ရှိမှ လက်ခံတာ။ သွေးကတော့ စစ်ပြီးသွားပြီး အဲ့တုန်း ၇၀၀၀ ပေးရတယ်၊ အရင်က ၆၀၀၀ ပေးထားပြီးသား၊ သွေးစစ်ပြီးရင် လက်ဗွေတခါတည်း တန်းနှိပ်ရမှာလို့ ပြောတယ် မနှိပ်ခဲ့ရဘူး။ ကျနော်က ၉ လ ပိုင်း မှ လုပ်တာ၊ ကျနော်နောက်မှလုပ်တဲ့ တင်တဲ့ ၁၂ လပိုင်း သမားတွေတောင် သွေးလည်း စစ်ပြီးပြီ၊ လက်ဗွေလည်း နှိပ်ပြီးပြီ၊ ဝါ့ပါမစ် ရပြီးသွားပြီ။ မသင်္ကာလို့ အခြားဘတ်ရိုက်ပေးတဲ့ ပွဲစားတွေကို ကျနော်တို့စာရွက်တွေ စစ်ခိုင်းကြည့်တော့ အတုတွေ ဖြစ်နေတယ်။ ကျနော်က လိုင်းပေါ်မှာ အလိမ်ခံရတဲ့ ဖြစ်စဉ်ကို ရေးထားတော့ သူတို့အကြောင်းတွေ တင်ရမလားဆိုပြီး ခြိမ်းခြောက်မှုတွေ ခံရတယ်။ အခုကျ ဘတ်ရိုက်တာတွေကလည်း ပိတ်သွားပြီဆိုတော့ နောက်တခါမှပဲ ပြန်လျှောက်ရတော့မယ်။ ကျနော်တို့ဆိုရင် အိမ်တွေ မီးရှို့ခံထားရပြီး ဒုက္ခရောက်လို့ သူတို့ကို ယုံပြီး ထိုင်းကို တက်လာတာ၊ အယောက် ၃၀ လောက် ရှိတယ်။ အကုန်လုံး ဒုက္ခတွေ ရောက်နေကြပြီ” လို့ ထိုင်းရောက် မြန်မာအလုပ်သမားတဦးက ပြောပါတယ်။

ထိုင်းအစိုးရက သက်တမ်းကုန်ဆုံးနေတဲ့ တရားဝင်အလုပ်သမားတွေနဲ့ တရားမဝင် ဝင်ရောက်လာသူတွေအတွက် တရားဝင်နေထိုင်ခွင့် အထောက်အထာရရှိဖို့ ပန်းရောင်ကတ် လုပ်ငန်းစဉ်တွေကို ၂၀၂၃ ဇူလိုင်လက စတင်ပြီး ဖွင့်လှစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

CDM လုပ်ပြီး ထိုင်းကို တရားမဝင် ဝင်လာခဲ့တဲ့ အမျိုးသမီးတယောက်ကလည်း ပြီးခဲ့တဲ့ ဇူလိုင်လကပန်း ရောင်ကတ်ပြုလုပ်ဖို့ ချိတ်ဆက်ခဲ့တဲ့ ပွဲစားက ဗီဇာသက်တမ်း ၂ နှစ် ရရှိမယ်ဆိုပြီး ဘတ် ၁၄၀၀၀ ဝန်းကျင် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“ပန်းရောင်ကတ်လုပ်မယ်ဆိုတော့ ပွဲစားက ဘတ် ၁၄၀၀၀ ပေးလို့ရှိရင် ဗီဇာ ၂ နှစ်ရမယ်။ ပွဲစားနဲ့ ပန်းရောင်ကတ်လုပ်ဖို့ အဆင်ပြေသွားတယ်။ တကယ်စုံစမ်းတဲ့အခါ အနီးကပ်မှ လုပ်တဲ့ ဗွီအိုင်ပီကြေး ဖြစ်နေတာ အမှန်ဆိုလို့ရှိရင် အစကတည်းက လုပ်ထားတဲ့အတွက် ဘတ် ၈၀၀၀ လောက်ပဲ ကျရမှာ၊ ဝါ့ပါမစ်ကို စာအုပ်အနီထဲ ပြောင်းတဲ့ အခါမှာလည်း ၄၀၀၀ တောင်းတယ် သူများတွေထက် နှစ်ဆလောက် ပိုများသွားတာ၊ ကိုယ်သိသလောက် ပွဲစားနဲ့ လုပ်ရတဲ့အချိန်မှာ စျေးတွေများပြီး အလိမ်ခံရတာတွေ အများကြီးဖြစ်ခဲ့တယ်။”

ပန်းရောင်ကတ်ဆိုတဲ့ ယာယီနေထိုင်ခွင့် လက်မှတ်ကနေ CI (မည်သူမည်ဝါဖြစ်ကြောင်း) သက်သေခံအထောက်အထားအထိ စုစုပေါင်း ဘတ် ၂၀၀၀၀ ကုန်ကျမှုရှိပြီး ပတ်စပို့ (PJ) စာအုပ် အသစ်ထပ်လုပ်ရင် စုစုပေါင်း ဘတ် ၂၇၀၀၀ ဝန်းကျင်အထိ ကုန်ကျစရိတ်တွေ ရှိလာတယ်လို့ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) တာဝန်ရှိသူ ဦးမိုးကြိုးက  “အစိုးရရဲ့ တရားဝင်သတ်မှတ်စျေးက ဘတ် ၆၀၀၀ လောက်ပဲ ရှိတယ်။ ရွှေပြောင်းလုပ်သား ဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် စာရွက်စာတမ်းလုပ်ခွင့်မရှိတော့ဘူး။ အလုပ်ရှင်အမည်ခံ၊ သူဌေးအမည်ခံနဲ့ လုပ်ရတဲ့အတွက် အကုန်အကျတွေများတာပေါ့။ အလုပ်ရှာပွဲစား၊ စာရွက်စာတမ်းပွဲစား အမျိုးမျိုးရဲ့ လိမ်လည်လှည့်ဖြားမှုနဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုကိုတော့ ထိုင်းရောက် မြန်မာအများစုကတော့ ပုံစံမျိုးစုံနဲ့ ခံနေရတယ်။ မိမိငွေကြေး၊ မိမိစာရွက်စာတမ်း အခြားသော တစုံတရာ လိမ်လည်ခံရရင် ဒါ ရဲစခန်းအမှုပါ။ အရင်ဆုံး ကာယကံရှင် အလုပ်သမားတယောက်ကဖြစ်စေ၊ တစုကဖြစ်စေ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ တိုင်ချက်ဖွင့်ဖို့ လိုပါတယ်။ လိုအပ်တဲ့ ရှေ့နေထောက်ကူပေးတာတွေ၊ ပြောတတ်ဆိုတတ်အောင် အလုပ်သမားအဖွဲ့တွေက ကူညီပေးပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ကိုင်ဆောင်ရတဲ့ စာရွက်စာတမ်းတွေဟာ ၇ လ ထက် ပိုမကိုင်ဆောင်ရဘဲ မကြာခဏ သက်တမ်းတိုးရလေ့ရှိတာကြောင့် အလုပ်သမားတွေအနေနဲ့ လုပ်ခလစာတွေကို ကြိုတင်စုဆောင်းထားကြဖို့ အလုပ်သမား အရေးဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေက သတိပေးကြပါတယ်။

ထိုင်းနိုင်ငံမီဒီယာပေါင်းစုံ ဖွဲ့စည်ထားတဲ့ Media Intelligence group ရဲ့ သုံးသပ်ချက်အရ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ၇ သန်း ဝန်းကျင်ရှိပြီး ခရိုင်ဒေသ ၇၇ ခုမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြပါတယ်။ 

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013