DVB Logo
Home
မြန်မာသတင်း
ကလေးမြို့၌ စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦးသေဆုံး၊ မင်းတပ်တွင် ပြည်သူ ၁ ဦး ဒဏ်ရာရ
DVB
·
February 22, 2024
ကလေးမြို့၌ စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦးသေဆုံး၊ မင်းတပ်တွင် ပြည်သူ ၁ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၁ ရက် ည ၇ နာရီလောက်က စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၃ ဦး ထိခိုက် သေဆုံးခဲ့တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

စစ်‌ကောင်စီက ကလေးမြို့ အနီးတဝိုက်က တိုက်ပွဲ‌တွေကို မြို့တွင်း အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ချိန် မြို့အနောက်ပိုင်း မွန်းလိုင်ရပ်ကွက်ထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် မွန်းလိုင်ရပ်ကွက်နေ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတဦး၊ အသက် ၅၀ အရွယ် အမျိုးသားတဦးနဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသမီး တဦး၊ စုစုပေါင်း ၃ ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။

ကလေးမြို့ခံတဦးက “မြို့အနောက်ပိုင်းတွေမှာ တိုက်ပွဲဖြစ်တော့ လက်နက်ကြီးကျတာပေါ့။ နှစ်ယောက်က တအိမ်တည်း၊ ကျန်တယောက်က ဘေးအိမ်က လက်နက်ကြီးယမ်းစ စင်မှန်ပြီး ဆုံးသွားတာ။ ဦးခေါင်း၊ ဝမ်းဗိုက်၊‌ ကျောပြင်၊ နေရာအစုံပဲ။ လက်နက်ကြီးကလည်း မနေ့က တနေကုန် နေ့ရော ညရော မနားဘူး။ လက်ပံချောင်းဘက်တွေလည်း လက်နက်ကြီးကျပြီး ဒဏ်ရာရတယ်ကြားတယ်” လို့ ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးသလို လက်ရှိ ကလေးမြို့‌ပေါ်မှာလည်း တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်ကောင်စီက မြို့တွင်းနဲ့ မြို့အနီးတဝိုက် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။

ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကြိုးကြာကွင်းရွာက အသက် ၁၂ အရွယ် မဝုန်ဆန်းလျန်ဟာ ဝမ်းဗိုက်မှာ လက်နက်ကြီး ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးခဲ့ပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၁ ဦး ဒဏ်ရာရရှိကာ လူနေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၁၁ နာရီက မင်းတပ် ခလရ တပ်ရင်းကနေ တိုက်ပွဲမဖြစ်ဘဲ ကျေးရွာတွေဘက်ကို ၁၂၀ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

လက်နက်ကြီးဟာ မင်းတပ်မြို့နယ် တိုက်နယ် ၃ အပိုင်ထဲက ငရှောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီးထိမှန်မှုကြောင့် ငရှောင်ကျေးရွာက လူနေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး အသက် ၄၀ ဝန်းကျင် အမျိုးသားတဦးလည်း ခြေထောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက“တိုက်ပွဲမရှိဘဲနဲ့ အကြောင်းမဲ့ ၂ ကြိမ်ပစ်တာ၊ အိမ် ၂ လုံးပျက်စီးတယ်၊ အမျိုးသားတယောက် ခြေထောက်ထိတယ်။ ဒဏ်ရာက ချုပ်လိုက်ရတယ်၊ သက်တော့သက်သာတယ်တဲ့” လို့ ပြောပါတယ်။

မင်းတပ်မြို့ထဲမှာ စစ်ကောင်စီတပ်က လုံခြုံရေးအင်အား တိုးချဲ့ချထားပြီး အနောက်ရပ်ကွက် ၄ မိုင်နားက လူမရှိတဲ့ နေအိမ်တွေက ပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်သားတွေက ခိုးယူသွားတယ်လို့ မင်းတပ်မြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013