DVB Logo
Home
နိုင်ငံတကာ
ဟွန်ဒူးရပ်စ်သမ္မတဟောင်း ဟာနန်ဒက်ဇ် မူးယစ်ဆေးဝါးမှုဖြင့် စစ်ဆေးခံရ
DVB
·
February 21, 2024
ဟွန်ဒူးရပ်စ်သမ္မတဟောင်း ဟာနန်ဒက်ဇ် မူးယစ်ဆေးဝါးမှုဖြင့် စစ်ဆေးခံရ
Donate to DVB

ဟွန်ဒူးရပ်စ်သမ္မတဟောင်း ဟွမ်န် အော်လန်ဒို ဟာနန်ဒက်ဇ်ဟာ အမေရိကန် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စွဲချက်နဲ့ တရားရင်ဆိုင်နေရပြီး ဖေဖော်ဝါရီ ၂၀ ရက်မှာ ရုံးတင်စစ်ဆေးခံနေရပါတယ်။

သမ္မတဟောင်း ဟာနန်ဒက်ဇ်ဟာ သူ့ရဲ့ ၂၀၁၄ မှ ၂၀၂၂ ခုနှစ်အထိ ရာထူးသက်တမ်းအတွင်း အမေရိကန်အစိုးရနဲ့ နီးစပ်ခဲ့ပါတယ်။

သူ့ရဲ့သမ္မတသက်တမ်းအတွင်း ဟွန်ဒူးရပ်စ်နိုင်ငံဟာ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အကူအညီ ဒေါ်လာ သန်း ၅၀ ကျော် ရရှိခဲ့ပြီး လုံခြုံရေးနဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေလည်း သန်းပေါင်းများစွာ ရရှိခဲ့တဲ့အပြင် ဟာနန်ဒက်ဇ်ဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နင်းမှုအတွက် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

ဒါပေမဲ့ သူ ရာထူးကထွက်ပြီး ၃ လအကြာမှာတော့ သမ္မတဟောင်း ဟာနန်ဒက်ဇ်ဟာ ကိုကင်းမှောင်ခိုသမားတွေဆီက လာဘ်ငွေ ဒေါ်လာသန်းပေါင်းများစွာကို လက်ခံရယူပြီးတော့ အပေးအယူအနေနဲ့ သူ့ရဲ့ရာထူးကိုသုံးပြီး မှောင်ခိုသမားတွေကို အကာအကွယ်ပေးခဲ့တယ် ဆိုပြီး မန်ဟက်တန်ရှိ ဗဟိုအစိုးရ ရှေ့နေတွေက တရားစွဲဆိုခဲ့ပါတယ်။

သူဟာ သူ့ရဲ့နိုင်ငံကို မူးယစ်ဆေးဝါးနိုင်ငံအဖြစ် လည်ပတ်ဖို့ အာဏာကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ ရှေ့နေချုပ် မားရစ်ခ် ဂါလန်းက ပြောပါတယ်။

သမ္မတဟောင်းရဲ့ အစ်ကိုဖြစ်သူ ကွန်ဂရက်လွှတ်တော်အမတ် တိုနီ ဟာနန်ဒက်ဇ်ကို အမေရိကန် မူးယစ်ဆေးဝါးမှုနဲ့ စွဲချက်တင်ကာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရပြီးနောက် ၃ နှစ်လောက် ရှိလာချိန်မှာ သမ္မတဟောင်း ဟွမ်န် အော်လန်ဒို ဟာနန်ဒက်ဇ်ရဲ့ အမှုကိစ္စ ပေါ်လာတာပါ။

သမ္မတဟောင်းက သူ့အစ်ကိုကို အကာအကွယ်ပေးထားတယ်လို့ အဲဒီရုံးချိန်းမှာ အစိုးရရှေ့နေက ပြောပါတယ်။

သမ္မတဟောင်း ဟွမ်န် အော်လန်ဒို ဟာနန်ဒက်ဇ် ကတော့ ကိုကင်းတင်သွင်းမှုမှာ ပူးပေါင်းကြံစည်မှုနဲ့ တရားမဝင်လက်နက်တွေ ပိုင်ဆိုင်ထားမှု စွဲချက်တွေမှာ အပြစ်မရှိကြောင်း ဝန်ခံလျှောက်လဲခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလမှာ သူ့ရဲ့ တရားခံလွှဲပြောင်းရေး လုပ်ဆောင်ခဲ့ကတည်းက ဘရွတ်ကလင်းရဲ့ မြို့တော် ထိန်းသိမ်းရေးစင်တာမှာ သူ့ကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

သမ္မတဟောင်း ဟာနန်ဒက်ဇ်ဟာ စွဲချက်အားလုံးအတွက် ပြစ်မှုထင်ရှားတယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ် အနှစ် ၄၀ မှ တသက်တကျွန်းအထိ ကျခံရမှာဖြစ်ပါတယ်။

ရုံးတင်စစ်ဆေးမှုကို အင်္ဂါနေ့မှာ ဂျူရီလူကြီးတွေကို ရွေးချယ်ခြင်းကနေ စတင်ပြီး အချိန်ကာလ ၂ ပတ်မှ ၃ ပတ်အတွင်း ကြာမြင့်မယ်လို့ ခန့်မှန်းထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013