DVB Logo
Home
မြန်မာသတင်း
RCSS  ၏ စစ်မှုထမ်းမူဝါဒ အပေါ် ရှမ်းလူငယ်များ မေးခွန်းထုတ် 
DVB
·
February 21, 2024
RCSS  ၏ စစ်မှုထမ်းမူဝါဒ အပေါ် ရှမ်းလူငယ်များ မေးခွန်းထုတ် 
Donate to DVB

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ရဲ့ စစ်မှုထမ်းမူဝါဒနဲ့ မြေယာမူဝါဒနဲ့ ပတ်သက်လို့ ရှမ်းလူငယ်တွေနဲ့ ရှမ်းနိုင်ငံရေးသမားတွေက ပြန်လည်ဝေဖန်  မေးခွန်းထုတ်လိုက်ပါတယ်။

တန်းတူရေးအတွက် ဖွဲ့စည်းထားတဲ့ တော်လှန်ရေးအဖွဲ့ အစည်းအနေနဲ့ အာဏာရှင်မဆန်ဖို့ကိုလည်း ရှမ်းလူငယ်တွေက တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်တဲ့အကြောင်း အမိန့်ထုတ်လိုက်ပြီးနောက်  RCSS/SSAကလည်း စစ်မှုထမ်းမူဝါဒနဲ့ မြေယာမူဝါဒကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ ရှမ်းလူငယ်တွေနဲ့ ရှမ်းနိုင်ငံရေးသမားတွေကြားမှာ  RCSS အပေါ် ဝေဖန်မှုတွေ ရှိနေတာပါ။

RCSS အနေနဲ့ ဒီမူဝါဒတွေကို အခုချိန်မှာ ထုတ်ပြန်တာဟာ ပြည်သူလူထုကို ရွေးချယ်စရာလမ်းမရှိအောင်လုပ်တဲ့အခြေအနေလို့ ရှမ်းလူငယ်တယောက်က  ဝေဖန်ပါတယ်။

လူငယ်တယောက်အနေနဲ့ စစ်မှုထမ်းဖို့အတွက် ဝန်လေးနေမှာမဟုတ်ပေမဲ့ စစ်ကောင်စီကို တိုက်မှာလား၊ တော်လှန်နေတဲ့ ပြည်သူလူထုကိုတိုက်မှာလား၊ ဘာကိုတိုက်မှာလဲဆိုတဲ့ ရည်ရွယ်ချက်ကိုလည်း ရှင်းရှင်းလင်းလင်းရှိနေစေချင်တယ်လို့ မေးခွန်းထုတ်လိုက်ပါတယ်။

တဖက်မှာလည်း စစ်ကောင်စီက သူတို့ရဲ့ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီး အသက်ဝင်ဖို့ ကြိုးစားနေချိန်ဖြစ်လို့ လူငယ်တွေ အကြားမှာ စိုးရိမ်မှုတွေမြင့်တက်နေသလို  စစ်မှုမထမ်းရဖို့ လွတ်မြောက်ဖို့အတွက် နည်းမျိုးစုံနဲ့ကြိုးစားနေကြပါတယ်။

ဒီလိုကာလမှာ RCSSအနေနဲ့ စစ်ကောင်စီလက်က လွတ်မြောက်ဖို့ ကြိုးစားနေတဲ့လူငယ်တွေကို ဘယ်လို အကာအကွယ်ပေးနိုင်မလဲဆိုတာကိုပဲ ထုတ်ပြန်သင့်တဲ့ အချိန်လို့ ရှမ်းလူငယ်အမျိုးသမီးတက်ကြွလှုပ်ရှားသူ တဦးက  ထောက်ပြပါတယ်။

နောက်ထပ်ရှမ်းလူငယ်တဦးကတော့  RCSSရဲ့ အခုလိုထုတ်ပြန်မှုဟာ စစ်ကောင်စီနဲ့ ဘာမှမကွာဘူးဆိုတာကို ပြသတာဖြစ်ပြီး အာဏာရှင်ဆန်တဲ့အပြုအမူလို့ ထောက်ပြဝေဖန်ပါတယ်။ တန်းတူရေးအတွက် ရည်ရွယ်ထားတဲ့ တော်လှန်ရေးအဖွဲ့အနေနဲ့ မူလရည်မှန်းချက်ကို မမေ့ဖို့ကိုလည်း တိုက်တွန်းပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကလည်း RCSS အနေနဲ့ အရင်က ရှိပြီးသားမူဝါဒတွေကို ထုတ်ပြန်တာဆိုပေမဲ့ အခုချိန်က အချိန်အခါကောင်း မဟုတ်ဘူးလို့ပြောပါတယ်။

အထူးသဖြင့် အကျပ်အတည်းကာလမှာ လူထုအနေနဲ့ မဖြစ်မနေ ထွက်ပြေးတိမ်းရှောင်ရရင်တောင် ကျန်ခဲ့တဲ့ မြေယာတွေကို သိမ်းမယ်ဆိုတာထက် ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းမူဝါဒကို အခုချိန်ထုတ်ပြန်တာထက် စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်တာမျိုးပဲ ဖြစ်သင့်တယ်လို့လည်း ဦးစိုင်းလိတ်က ပြောပါတယ်။

RCSSရဲ့ စစ်မှုထမ်းမူဝါဒအရ ရှမ်းပြည်နယ်အတွင်းနေထိုင်တဲ့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်းရှိသူ ဘယ်သူမဆို ၆ နှစ်စစ်မှုထမ်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်မှုထမ်း မထမ်းကတော့ ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ RCSS ပြောခွင့်ရ ဗိုလ်မှူးခမ်းစံက ပြောပါတယ်။

မြေယာဥပဒေကို  ထပ်ပြီးထုတ်ပြန်ရတာကလည်း နေရပ်ရွှေ့ပြောင်းတာတွေရှိတာကြောင့် အခုလို ကန့်သတ်ရတာဖြစ်တယ်လို့ RCSSပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

RCSSက ထုတ်ပြန်ထားတဲ့ မြေယာမူဝါဒအရ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ပြီး ရပ်အကျိုးရွာအကျိုး ဆောင်ရွက်တာမရှိရင် ပိုင်ဆိုင်တဲ့ပစ္စည်းသိမ်းယူမှာဖြစ်သလို၊ ၃ နှစ်ဆက် အလုပ်လုပ်တာမရှိတဲ့ လယ်ယာမြေတွေကိုလည်း ဒေသပိုင်အဖြစ်သိမ်းဆည်းသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ထက်အောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013