DVB Logo
Home
မြန်မာသတင်း
ပြည်-ရန်ကုန် ရထားပေါ် နေ့ခင်းကြောင်တောင် စစ်တပ်ထဲဝင်ရန် အဓမ္မပေါ်တာဆွဲ
DVB
·
February 19, 2024
ပြည်-ရန်ကုန် ရထားပေါ် နေ့ခင်းကြောင်တောင် စစ်တပ်ထဲဝင်ရန် အဓမ္မပေါ်တာဆွဲ
Donate to DVB

ရန်ကုန်ကနေ ပြည်မြို့ကို ရထားစီးလာတဲ့ တက္ကသိုလ်ကျောင်းသားတယောက် ပြီးခဲ့တဲ့ရက်ပိုင်းက ရထားပေါ်မှာ တပ်ထဲဝင်ဖို့ ပေါ်တာဆွဲခံရပြီး လူငယ်က ရထားပေါ်ကနေ ခုန်ချထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရန်ကုန်-ပြည်ရထား လက်မှတ်စစ်တယောက် ထံကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် နေ့ခင်း ၁ နာရီခွဲထွက်တဲ့ ရန်ကုန်-ပြည် ရထား Upper Class   အထက်တန်းတွဲစီးလာတဲ့ ကျောင်းသားကို အမည်မသိ အမျိုးသား ၃ ယောက်က သာယာဝတီလောက်မှာ ရထားအိမ်သာအထွက် စောင့်ဖမ်းလိုက်တာလို့ လက်မှတ်စစ် ဝန်ထမ်းက ပြောပါတယ်။

“အဲ့ဒါ ကောင်လေးကို ဓားနဲ့လည်းထောက်ထားတော့ သုံးယောက် တယောက်ဆိုတော့ သူလည်း သူတို့ခိုင်းတဲ့အတိုင်း၊ ရထားအိမ်သာရဲ့ မျက်စောင်းထိုးမှာ တွဲရေပိုက်လိုင်းတွေ အဖွင့်အပိတ်လုပ်တဲ့ စက်ခန်းအနိမ့်လေးထဲကို ဝင်ခိုင်းပြီး အထဲမှာ ထိုင်ခိုင်းထားတာ။ အပြင်ကနေ သူတို့သုံးယောက်က စောင့်နေတာ။ အဲ့ဒီမှာ ရထားက နှေးသွားတော့ ကောင်လေးက သွားနေကြဆိုတော့ သိတယ်။ ရထားနှေးသွားတာက လက်ပံတန်းဘူတာ ရောက်ခါနီးမလို့ဆိုပြီး အထဲကနေ ပိတ်ထားတဲ့တံခါးကို အတင်းကန်ကျောက်ဖွင့်လိုက်တော့ ပွင့်သွားတယ်။ အဲ့ဒီအချိန်မှာ အပြင်မှာ ခုနကစောင့်နေတဲ့ လူသုံးယောက်ထဲက  တယောက်ပဲ အစောင့်‌အဖြစ် ကျန်နေတာကို အခွင့်ကောင်းယူပြီး ထွက်ပြေးဖို့လုပ်တော့ စောင့်နေတဲ့လူက သူ့ကို အတင်းလိုက်ချုပ်တော့ သူ ရုန်းရင်း ထိုးကြကြိတ်ကြရင်း ကောင်လေးက နောက်ဆုံး ရထားပေါ်က ခုန်ချသွားတာ။ ရထားက အရှိန်လျော့နေတော့ ကံကောင်းသွားတယ်။ ဒါပေမဲ့ ကောင်လေးလည်း နှစ်ပတ် သုံးပတ်လောက် လိမ့်သွားသေးတယ်။ ဒဏ်ရာတွေ ဘာတွေတော့ ရနိုင်တယ်။ ဒါပေမဲ့ ကောင်လေးက အောက်ရောက်တာနဲ့ အတင်းထွက်ပြေးသွားတာ။”

အဲ့ဒီနောက် ရထားပေါ်ကလူတွေ ဝိုင်းအော်ကြတော့ ရထားရဲတွေ ရောက်လာကာ ဟိုမေးဒီမေးနဲ့ ဘာမှလဲ မလုပ်နိုင်ပါဘူး။

“ပထမ အဲဒီကောင်လေးကို ဖမ်းချုပ် လုပ်နေတာကို အထက်တန်းတွဲမှာ စီးလာတဲ့သူတချို့ တွေ့တယ် မြင်တယ်။ ဘယ်သူမှမပြောရဲကြဘူး။ နောက်ဆုံး အောက်ခုန်ချမှ သေမှာစိုးလို့ ဝိုင်းအော်ကြတာ၊ နေ့ခင်းဘက်ကြီး ရထားပေါ် လူတွေအများကြီးရှိတာတောင် လူငယ်တွေ မလုံခြုံတော့ဘူး။ ကြောက်ဖို့ အရမ်းကောင်းတယ်၊ ရဲတွေကလည်း ဘာမှ ကာကွယ်မပေးနိုင်ဘူး။ အဲ့ဒီ ၃ ယောက်က ကောင်လေးကို မင်းစစ်တပ်ထဲဝင်ရမယ်၊ ဟိုက ကျောင်းသားပါလို့ ပြောတာကိုလည်း လက်မခံဘူး၊ အတင်းဇွတ်လုပ်နေတာ။ အဲ့ဒါကိုလည်း ရထားပေါ်ကလူတွေ ကြားကြတယ်၊ ဘယ်သူမှ ဝင်မပြောရဲကြဘူး။”

အဆိုပါ ကျောင်းသားလေးဟာ ပြည်တက္ကသိုလ်မှာ ဥပဒေဘာသာရပ် တက်နေတာဖြစ်ပြီး အရင်က ပြည်မြို့က ဘုန်းကြီးလမ်း၊ ဆံတော်ရပ်ကွက်ထဲမှာနေကာ အဲ့ဒီကနေ ရန်ကုန်ကို ပြောင်းသွားတာဆိုတော့ ပုံစံ(၁၀)က ပြည်မှာပဲရှိပြီး ရန်ကုန်ကို မပြောင်းတော့ဘဲ ပြည်တက္ကသိုလ်မှာပဲ ပတမနှစ်ဥပဒေ တက်နေတာလို့ အဲဒီနေ့က အတူတူ ရထားပေါ်ပါလာသူ အမျိုးသမီးတယောက်က ပြောပါတယ်။

ပြည်တော်သာရပ်ကွက်ထဲက အဆောင်ပိုင်ရှင်တယောက်ကလည်း “ပုံမှန်ဆို ကျောင်းပိတ်ရက်ဆို ပြန်ပြီး ကျောင်းဖွင့်တဲ့ရက်ကို တရက်စောပြီး ရန်ကုန်ကနေ ပြည်ကို ရထားနဲ့ ကျောင်းလာတက်တာ။ သူက ရွှေချောင်းလမ်းက အပြင်ဆောင်တခုမှာ ငှားနေတာ။ နာမည်တော့ မေးလို့မရပါဘူး။ ကောင်လေးကော၊ သူမိဘတွေကော အရမ်းကြောက်နေကြတာ။ ကျောင်းတော့ ပြန်တက်ခိုင်းမှာ မဟုတ်တော့ဘူးထင်တယ်။ အဲ့လိုဖြစ်သွားတဲ့ ဇာတ်လမ်းက ကျောင်းသားတွေထံကနေပဲ သိရတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ရန်ကုန်မှ မန္တလေးကို ပြန်လာတဲ့ တန့်ဆည်မြို့သား လူငယ် ၄ ဦးကို စစ်တပ်က ခရီးသည်တင် Express ကားပေါ်အထိ တက် ဖမ်းဆီးသွားကြောင်း သတင်းဌာနတခုက ဖော်ပြသွားပါတယ်။

အာဏာသိမ်းခေါင်းဆောင်  မင်းအောင်လှိုင်က အရင် ဦးသန်းရွှေလက်ထက်က ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ လက်မှတ်ထိုးပြီး အာဏာတည်စေရမည် ဆိုကာ  ပြန်လည် အသက်သွင်းလိုက်ပါတယ်။

အဲ့ဒီဥပဒေမှာ အမျိုးသား အသက် ၁၈ မှ ၃၅ အတွင်းနဲ့ အမျိုးသမီး အသက် ၁၈ မှ ၂၇ အတွင်း  စစ်မှုထမ်းဖို့ ဆင့်ခေါ်ခြင်းခံရမှာ ဖြစ်ပါတယ်။

မလိုက်နာတဲ့သူတွေက ထောင်ဒဏ်သုံးနှစ်မှ ငါးနှစ်အထိ ကျခံရမယ်လို့ ပါရှိပါတယ်။ အဲ့ဒါကြောင့် တနိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေ ထိတ်လန့်နေကြပြီး ပြည်တွင်းကနေ နေ့စဉ် တိမ်းရှောင် ထွက်ပြေးနေကြပါတယ်။

မင်းညို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013