DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုရှိ ဒီရေတော ဧက ၂,၀၀၀ ကျော်ကို ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်
DVB
·
February 19, 2024
ကျိုက်ထိုရှိ ဒီရေတော ဧက ၂,၀၀၀ ကျော်ကို ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာရှိ သောင်ထွန်းမြေ ဧက ၂,၂၇၅ အကျယ်အဝန်းကို “ကျိုက်ပိရွှေသောင်ကွင်း ဒီရေတော ကြိုး‌ပြင်ကာကွယ်တော” အဖြစ် သတ်မှတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ကျိုက်ပိကျေးရွာမှာရှိတဲ့ သောင်ထွန်းမြေတွေကို ၂၀၁၈ ခုနှစ်ကစပြီး အရပ်ဘက် NGO အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ဒီရေတောသစ်မျိုးတွေ စတင်စိုက်ပျိုးခဲ့တာ ဖြစ်တယ်လို့ ကျိုက်ပိကျေးရွာမှာ နေထိုင်သူတဦးက ပြောပါတယ်။

“တခြားဘက်တွေက ကမ်းပါးပြိုပြီး ကျိုက်ပိပင်လယ်ဝဘက်မှာ သောင်လာထွန်းတာပါ။ အရင် အရပ်ဘက်အစိုးရ လက်ထက်တည်းက NGO အဖွဲ့တွေနဲ့ပေါင်းပြီး အပင်တွေ စစိုက်ပါတယ်။ ခုလို ထိန်းသိမ်း‌နယ်မြေအဖြစ် သတ်မှတ်လိုက်တာက ကောင်းပါတယ်။ ဒီဘက်မှာက ရေစီးကြမ်းတော့ ကမ်းပါးပြိုရင် ရွာလုံးကျွတ်ပဲ။ သတ်မှတ်ပြီးရင်တော့ သေချာထိန်းသိမ်းဖို့တော့ လိုအပ်ပါတယ်။”

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာနကတော့ ဒီရေတောသစ်မျိုးတွေနဲ့ ဒီရေတော ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ဖို့၊ သဘာဝဒီရေတောတွေ ပျက်စီးပြုန်းတီးခြင်းက ကာကွယ်ဖို့၊ သား၊ ငါး၊ ပုစွန် စတဲ့ ရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ဖို့၊ ရေပျော်ငှက်တွေ နေထိုင်ကျက်စားဖို့နဲ့ ပင်လယ်ပြင်က ဖြစ်ပေါ်လာတဲ့ လှိုင်းဒဏ်၊ လေမုန်တိုင်းဒဏ် ခံစားရမှုတို့ကို သက်သာစေဖို့အတွက် ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

“ကျိုက်ပိရွှေသောင်ကွင်း ဒီရေတော ကြိုး‌ပြင်ကာကွယ်တော” သတ်မှတ်လိုက်တာကြောင့် သဘာဝဘေးအန္တရာယ်ကို ကာကွယ်ပေးတာ၊ ကမ်းပြိုတိုက်စားမှု လျော့ပါးလာတာ၊ လယ်ယာမြေအတွင်း ဆားငန်ရေဝင်ရောက်မှု ကာကွယ်ပေးတာ၊ ရေနေသတ္တဝါတွေအတွက် ဂေဟစနစ်နဲ့ ဆောင်းခိုငှက်တွေနဲ့ ရေပျော်ငှက်တွေအတွက် စားကျက်ရရှိလာတာ စတဲ့‌ အကျိုးကျေးဇူးတွေ ရလာမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာရှိတဲ့ ဧက ၁,၃၄၈ ရှိတဲ့နယ်မြေကို ကျောက်တောင် ၂ ကြိုးပြင်ကာကွယ်တောအဖြစ် ဖေဖော်ဝါရီ ၁၅ ရက်က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက သတ်မှတ်ခဲ့ပါတယ်။

ကမ္ဘာပေါ်ရှိ ဒီရေတော ပျက်သုန်းဖို့ ခြိမ်းခြောက်မှုအခံရဆုံး စာရင်းမှာ မြန်မာနိုင်ငံရဲ့ ဒီရေတောတွေ ပါဝင်နေတယ်လို့ အောက်တိုဘာ ၁၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနေ့မှာ UN Myanmar က ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013