DVB Logo
Home
မြန်မာသတင်း
လက်နက်မှုဖြင့် စွပ်စွဲဖမ်းထားသူ ၁ ဦးကို ထောင်ထဲမှ ခေါ်ထုတ်ပြီး ပစ်သတ်
DVB
·
February 18, 2024
လက်နက်မှုဖြင့် စွပ်စွဲဖမ်းထားသူ ၁ ဦးကို ထောင်ထဲမှ ခေါ်ထုတ်ပြီး ပစ်သတ်
Donate to DVB

ဖျာပုံထောင်မှာ ဖမ်းဆီးထားသူ ၆ ယောက်ထဲက တယောက်ကို လက်နက်တွေရှိတဲ့နေရာ ပြခိုင်းဖို့ စစ်ကောင်စီက ခေါ်ထုတ်သွားပြီး ပစ်သတ်လိုက်တယ်လို့ ထောင်ဝန်ထမ်း အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်နေ့က လက်နက်တွေနဲ့ ဖမ်းဆီးရတယ်ဆိုပြီး ဖျာပုံထောင်ထဲကိုထည့်ထားတဲ့ ဒေးဒရဲမြို့နယ်၊ ကျိတ်တောကျေးရွာနဲ့ ကဝက်ချောင်းကျေးရွာက ကိုနိုင်ဝင်းဆွေ၊ ကိုလှိုင်မျိုးကျော် ကိုနိုင်မျိုးရွှေနဲ့ သူ့ဇနီး၊ ကိုဝေယံဦးနဲ့ သူ့ရဲ့မိခင်တို့ကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီအထဲက ကိုနိုင်ဝင်းရွှေတို့ ဇနီးမောင်နှံကို ထောင်ကနေ ထုတ်ပြီး ဝှက်ထားတဲ့ လက်နက်တွေ လိုက်ပြခိုင်းရင်းနဲ့ အပြင်မှာ သတ်လိုက်ပြီလို့ ပြောပါတယ်။

ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူ တယောက်က “ကိုနိုင်မျိုးရွှေနဲ့ သူ့ဇနီးကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က မနက်အစောကြီး ထောင်မဖွင့်သေးဘူး ခေါ်သွားတာ။ စစ်ကားတွေနဲ့ သူတို့ကို ဒေးဒရဲက ကျုံသင်ကျေးရွာ၊ ကုလားကွင်းဘက်ကို ခေါ်သွားတာ အဲဒီမှာ သူတို့ ဝှက်ထားခဲ့တဲ့ လက်နက်တွေကို လိုက်ပြခိုင်းတာ။ မတွေ့တော့ ထုံးစံအတိုင်း ထွက်ပြေးဖို့ ကြိုးစားလို့ ပစ်သတ်လိုက်ရတယ်လို့ လုပ်မယ်ထင်တယ်။ အခု သူ့မိန်းမပါ ပျောက်နေတယ်။ သတ်လိုက်တာက ကိုနိုင်မျိုးရွှေ တယောက်တည်းရယ်။ အခု သူ့မိန်းမလည်း ရဲစခန်းကိုလည်း ပြန်ရောက်မလာဘူး။ ထောင်ကိုလည်း ပြန်ရောက်မလာဘူး” လို့ ပြောပါတယ်။

သူတို့ ၆ ယောက်ကို  ဒရုန်း ၄ စင်း၊ သေနတ် ၃ လက် RPG စတဲ့ လက်နက်တွေနဲ့အတူ ဖမ်းမိတာလို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ ဖော်ပြခဲ့ကြပါတယ်။

သူတို့အထဲမှာပါတဲ့ ကိုဝေယံဦးဟာ ပုဒ်မ ၅၀၅(က) နဲ့ ထောင်ချခံခဲ့ရပြီးနောက် ပြန်လွတ်လာသူဖြစ်ပြီး ဒီတကြိမ်မှာတော့ သူနဲ့အတူ အသက်ကြီးပြီး ကျန်းမာရေးမကောင်းတဲ့ သူ့မိခင်ကိုပါ ဖမ်းဆီးထားတာပါ။

ဒေးဒရဲမြို့နယ်က စစ်ကောင်စီခန့် ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူး ၁ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ်တုန်းက ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဒေသခံအရပ်သား ၆ ယောက်ထက်မနည်းကို အဲဒီဖြစ်စဉ်နဲ့ပတ်သက်တယ်လို့ စစ်တပ်က စွပ်စွဲဖမ်းဆီးပြီး ငွေသိန်းနဲ့ချီ အကုန်အကျခံပြီး ၄ လ လောက်အကြာမှ ပြန်လွှတ်ပေးခဲ့ပါတယ်။

စစ်တပ်ဟာ အဲဒီလိုမျိုး မကြာခဏ အမှုဆင်ဖမ်းဆီးတာ၊ ပြန်လွှတ်ပေးဖို့ သိန်း ရာဂဏန်းအထိ ပေးရတာတွေရှိနေတယ်လို့ ဒေးဒရဲမြို့ခံတယောက်ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013