DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကို ဧရာဝတီဒေသခံများ လက်မခံဘဲ တုံ့ပြန်မည်
DVB
·
February 15, 2024
စစ်မှုထမ်းဥပဒေကို ဧရာဝတီဒေသခံများ လက်မခံဘဲ တုံ့ပြန်မည်
Donate to DVB

စစ်ကောင်စီထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေကို ဧရာဝတီတိုင်းရှိ ပြည်သူတွေက လက်မခံဘဲ ရတဲ့နည်းနဲ့ တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။

ပုသိမ်မြို့မှာနေထိုင်တဲ့ ဖခင်တဦးက “အခုက ပြည်သူကို မတရားခြိမ်းခြောက်လုပ်တာ၊ မတရားလုပ်တာ၊ ဘယ်ပြည်သူက လက်မခံဘူး။ မိသားစုတွေ စိတ်မချမ်းမသာ ဖြစ်နေကြရတယ်။ သားကိုလည်း မနည်းထိန်းနေရတယ်။ သူတို့အနာဂတ် လုံးဝပျောက်နေတာကို သူတို့ အတိအကျ သိနေတယ်။ ဒီတိုင်းငြိမ်ပြီး အသေခံရမယ့်အတူတူ ရုန်းပြီးအသေခံဖို့ တွေးနေကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဂိတ်တွေမှာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ခရီးသွားကားတွေမှာ လူငယ်တွေကို စိစစ်တာတွေ ပြုလုပ်လာပြီး ရပ်ကွက်အတွင်း လူဦးရေစာရင်း ကောက်တာတွေရှိကြောင်း ပြည်သူတွေထံက သိရပါတယ်။

ကျောင်းကုန်းမြို့နယ်မှ မိခင်တဦးက“သားသမီးထိခိုက်မယ့်ကိစ္စကို လက်မခံနိုင်ဘူး။ မတရားလုပ်ရပ်တခု၊ ကလေးတွေအနာဂတ် ဖျက်ဆီးတာ။ အာဏာသိမ်းတယ်၊ အခု မတရားထပ်လုပ်ရင် ရတဲ့နည်းနဲ့တုံ့ပြန်မှာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် ပြည်သူ့စစ်မှုထမ်းအဖွဲ့ကို တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်က ဥက္ကဋ္ဌ၊ ဒုတိုင်းမှူးက ဒုဥက္ကဋ္ဌ-၁၊ နယ်လုံဝန်ကြီးက ဒုဥက္ကဋ္ဌ-၂၊ လူမှုရေးဝန်ကြီး၊ ဥပဒေချုပ်၊ တိုင်းရဲမှူးတို့က အဖွဲ့ဝင်နဲ့ တိုင်းအုပ်ချုပ်ရေးက အတွင်းရေးမှူးအဖြစ် ဖွဲ့စည်းကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှာ ထမ်းဆောင်ဖို့ ဆင့်ခေါ်တာကို ဧပြီလမှာ စတင်မှာဖြစ်ပြီး သင်တန်းတကြိမ်ကို လူဦးရေ ၅,၀၀၀ သတ်မှတ်ထားပြီး စစ်မှုထမ်းကာလ ၂ နှစ် သတ်မှတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းမှာ ဖေဖော်ဝါရီ ပထမအပတ်က ပုသိမ်မြို့ရှိ နည်းပညာ၊ ကွန်ပျူတာနဲ့ ပုသိမ်တက္ကသိုလ်က ဆရာ ဆရာမတွေ၊ ကျောင်းသားတွေကို စစ်သင်တန်းပေးတာတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013