DVB Logo
Home
မြန်မာသတင်း
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်း၊ အရန်တပ်ဖွဲ့ဥပဒေ စတင် အသက်ဝင် 
DVB
·
February 14, 2024
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်း၊ အရန်တပ်ဖွဲ့ဥပဒေ စတင် အသက်ဝင် 
Donate to DVB

ပြည်သူတွေကို စစ်တိုက်ခိုင်းဖို့အတွက်  ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ဝင်စေခဲ့တဲ့ စစ်ကောင်စီဟာ စစ်တပ်ကနေ နုတ်ထွက် အငြိမ်းစားယူတဲ့သူတွေကိုလည်း နောက်ထပ် ၅ နှစ် တာဝန်ထမ်းဆောင်စေဖို့ အရန်တပ်ဖွဲ့ဥပဒေကို စတင်အာဏာတည်စေခဲ့သလို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကိုလည်း စတင် ဖွဲ့စည်းလိုက်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့  အရန်တပ်ဖွဲ့ဥပဒေတွေဟာ နအဖ စစ်အစိုးရ ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီးသန်းရွှေက  ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး ၃ နှစ်ကာလအတွင်း သောင်းနဲ့ချီတဲ့ စစ်ကောင်စီတပ်တွေ သေဆုံး၊ ဒဏ်ရာရ ၊ တပ်ကိုစွန့်ခွာ လက်နက်ချ အလင်းဝင်သွားလို့ ဆုံးရှုံးသွားတဲ့  တပ်အင်အားကို ပြန်ဖြည့်တင်းဖို့   စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ အပူတပြင်း လုပ်ဆောင်နေတာပါ။ 

အရန်တပ်ဖွဲ့ဆိုတာကတော့ စစ်သားတယောက်ဟာ စစ်မှုထမ်းတာကနေ နုတ်ထွက်ခွင့် ဒါမှမဟုတ် အငြိမ်းစားယူခွင့်ရတဲ့ နေ့ရက်ကစလို့ ၅ နှစ်အထိ သူ နုတ်ထွက်တုန်းက ရာထူးအဆင့်နဲ့ပဲ အရန်တပ်ဖွဲ့မှာ စစ်မှုထမ်းဆောင်ဖို့ သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ သူ့ရဲ့ တာဝန်ထမ်းဆောင်တဲ့အပေါ်မူတည်ပြီး ရာထူးအဆင့် တိုးမြှင့်တာ လျှော့ချတာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုပ်နိုင်ပြီး လိုအပ်ခဲ့ရင် ၅ နှစ်ထက်ပို ထမ်းဆောင်ရမယ်လို့လည်း ဆိုပါတယ်။

သူ့ကို လေ့ကျင့်ရေးအတွက်ဖြစ်ဖြစ်၊ အရေးပေါ် အခြေအနေတွေအတွက် ဖြစ်ဖြစ် စစ်မှုထမ်းဆောင်ဖို့ ခေါ်တဲ့အခါမှာ  သတ်မှတ်ထားတဲ့နေရာကို သတ်မှတ်ချိန်အတွင်း လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ မရောက်ဘူးဆိုရင် ထောင်ဒဏ် ၃ နှစ်အထိ၊ ဒါမှမဟုတ် ငွေဒဏ်၊ ဒါမှမဟုတ် အဲဒီ ဒဏ် ၂ ခုလုံး ကျခံရမယ်လို့လည်း သတ်မှတ်ထားပါတယ်။

ပြီးတော့ ပြည်သူတွေကို စစ်မှုထမ်းစေဖို့အတွက် ဥပဒေကိုအသက်ဝင်စေဖို့ စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ သတ်မှတ်လိုက်ပြီး အဲဒီအတွက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌဖြစ်ပြီး ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးက ဒု ဥက္ကဋ္ဌအဖြစ်၊ စစ်ရေးချုပ်က အတွင်းရေးမှူးနဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားတပ်များ ညွှန်ကြားရေးမှူးက တွဲဖက်အတွင်းရေးမှူး ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ ဥပဒေရေးရာ၊ ပြန်ကြားရေး၊ သာသနာရေးနဲ့ ယဉ်ကျေးမှု၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား၊ အလုပ်သမား၊ ပညာရေး၊ ကျန်းမာရေး၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးတွေ၊ စစ်ထောက်ချုပ်၊ စစ်ဥပဒေချုပ်၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နဲ့ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးတို့ကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့်   ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေမှာဖြစ်ကြောင်းနဲ့ သတ်မှတ် အသက်အပိုင်းအခြားအတွင်းမှ သင့်တင့် လျောက်ပတ်တဲ့ အင်အားသာ စစ်မှု တာဝန်ထမ်းဆောင်ဖို့ ဖြစ်တယ်လို့  စစ်ခေါင်းဆောင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013