DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်မည်ဟု  မွန်ပြည်သစ်ပါတီ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့  ကြေညာ 
DVB
·
February 14, 2024
အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်မည်ဟု  မွန်ပြည်သစ်ပါတီ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့  ကြေညာ 
Donate to DVB

စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့  မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြေညာပါတယ်။

မွန်ပြည်သစ်ပါတီဟာ အာဏာသိမ်း စစ်ကောင်စီနဲ့  သုံးကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုတွေမှာ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကသာ လက်ရှိ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုတဲ့ ရပ်တည်ချက်အပါအဝင် မိမိတို့ပါတီ လိုလားတဲ့ ဖက်ဒရယ်အခြေခံမူတွေကို တင်ပြဆွေးနွေးခဲ့ပေမဲ့ မျှော်မှန်းတဲ့ ရလဒ်တွေ လုံးဝ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ လက်နက်အားကိုးပြီး ပြည်သူလူထုအပေါ် လူမဆန်စွာ ဖမ်းဆီးညှင်းဆဲ အကျဉ်းချသတ်ဖြတ်မှုတွေ နေ့စဥ်ကျူးလွန်နေကာ မွန်ပြည်နယ်မှာလည်း စစ်တပ်ရဲ့ အကြမ်းဖက်မှု မျိုးစုံ ကြုံတွေ့ရပြီး အထူးသဖြင့် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှု၊ နေအိမ်မီးရှို့မှုတွေ ပိုမိုပြုလုပ်လာလို့ စစ်ကောင်စီနဲ့  နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေး အဖြေရှာဖို့  မဖြစ်နိုင်တော့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ မိမိတို့လိုလားတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရန်အတွက် နိုင်ငံအာဏာ အဓမ္မသိမ်းယူထားတဲ့စစ်တပ်၊ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင် စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသာ တခုတည်းသော နည်းလမ်းလို့ ယုံကြည်တယ်လို့ မွန်လက်နက်ကိုင်အဖွဲ့က ဆိုပါတယ်။

ဒါ့ကြောင့် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီတဲ့ ပါတီခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ တပ် ဗိုလ်၊ တပ်မှူး၊ အကြပ်တပ်သားရဲဘော်တွေ၊ မျိုးချစ်ပုဂ္ဂိုလ်တွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုကို ကာကွယ်ဖို့၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်း ပိုင်ခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ တော်လှန်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းသွားမယ်လို့ ကြေညာထားပါတယ်။

မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ်ကစပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ)၊ ဦးသိန်းစိန်အစိုးရ လက်ထက်တွေမှာ နှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေရယူခဲ့သလို  အန်အယ်လ်ဒီအရပ်သား အစိုးရလက်ထက်မှာလည်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

နှစ်ကာလ ရှည်ကြာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားပေမဲ့ စစ်တပ်က နိုင်ငံရေးပြဿနာကို မဖြေရှင်းတဲ့အပြင် မွန်တပ်စခန်းတွေကို သိမ်းပိုက်တာနဲ့  မွန်တော်လှန်ရေးနေ့၊ မွန်အမျိုးသားနေ့ အခမ်းအနားတွေကို  စစ်တပ်က နည်းမျိုးစုံ ဖိအားပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဒီကြေညာချက်ထွက်လာချိန် မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုကော်မတီဝင် နိုင်ဗညားမွန်နဲ့ အဖွဲ့ကတော့  အန်စီအေ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေနဲ့အတူ နေပြည်တော်မှာ  စစ်ကောင်စီဩဇာခံ  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီနဲ့  တွေ့ဆုံဆွေးနွေးနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013