DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တော်ဝန်က စည်ပင်အရာရှိများကို အသွားအလာ အပြောအဆို ဆင်ခြင်ရန် သတိပေး
DVB
·
February 13, 2024
ရန်ကုန်မြို့တော်ဝန်က စည်ပင်အရာရှိများကို အသွားအလာ အပြောအဆို ဆင်ခြင်ရန် သတိပေး
Donate to DVB

စည်ပင်သာယာရေး အရာရှိတွေ အနေနဲ့ မသွားသင့်တဲ့နေရာ မသွားဖို့နဲ့ မပြောသင့်တာ မပြောကြဖို့ စစ်ကောင်စီခန့် ရန်ကုန်မြို့တော်ဝန်က ညွှန်ကြားထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရန်ကုန်မြို့တော်ခန်းမမှာ ဖေဖော်ဝါရီ ၁၃ ရက် ဒီနေ့ပြုလုပ်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်တွေ၊ ဌာနမှူးတွေ ပါဝင်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ မြို့တော်ဝန် ဦးဗိုလ်ဌေးက စည်ပင်အရာရှိတွေအနေနဲ့ “သင့် ၄ သင့်” နဲ့ နေထိုင်လုပ်ကိုင်ကြဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

သင့် ၄ သင့်ဆိုတာဟာ ပြောသင့်တာကို ပြောဖို့၊ မပြောသင့်တာကို မပြောဖို့၊ သွားသင့်တဲ့နေရာကို သွားဖို့၊ မသွားသင့်တဲ့နေရာကို မသွားဖို့၊ ပေါင်းသင့်သူကို ပေါင်းသင်းဖို့နဲ့ မပေါင်းသင့်သူကို မပေါင်းသင်းဖို့၊ လုပ်သင့်တာကို လုပ်ဖို့နဲ့ မလုပ်သင့်တာကို မလုပ်ဖို့ ဖြစ်တယ်ဆိုပြီး ဦးဗိုလ်ဌေးက ပြောကြားခဲ့တယ်လို့ YCDC ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးဗိုလ်ဌေးရဲ့ ညွှန်ကြားပြောဆိုချက်ဟာ လုံခြုံရေးနဲ့ စစ်ကောင်စီရဲ့ ညွှန်ကြားစေခိုင်းချက်တွေအပေါ် မလွန်ဆန်ရအောင် သွယ်ဝိုက်သတိပေးတဲ့သဘော သက်ရောက်နေတယ်လို့ စည်ပင် Non CDM ဝန်ထမ်းတချို့က မှတ်ချက်ပြုပါတယ်။

အမည်မဖော်လိုတဲ့ Non CDM ဝန်ထမ်းတဦးက “စည်ပင်ရုံးဆိုတာ အကျင့်ပျက် ခြစားမှု အများဆုံးနေရာအနေနဲ့ နာမည်ကြီးနေတာလေ။ ခြစားမှုတွေ ဘယ်လိုရှိရှိ စကစကို မဆန့်ကျင်ဖို့က သူတို့ရဲ့ ဦးစားပေးပဲ။ အဲဒါကြောင့် အပြောအဆို သတိထားဖို့ မှာတဲ့သဘောလားပေါ့၊ အဲဒီလိုမြင်မိတာ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို ဆန့်ကျင်နေသူတွေနဲ့ ပတ်သက်ဆက်ဆံတာတွေ မလုပ်ဖို့ကို သတိပေးတဲ့ သဘောလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ အစဥ်တစိုက် အကျင့်ပျက်ခြစားမှုတွေနဲ့ ကျော်ကြားခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်မှာ ပိုပြီး​ဆိုးလာတယ်လို့ အဲဒီဌာနနဲ့ ဆက်ဆံ လုပ်ကိုင်နေရသူတွေက ဆိုပါတယ်။

အဲဒီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ လမ်းဘေးကျူးကျော် နေထိုင်သူတွေကို သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ပေါင်းပြီး ရှင်းလင်းဖယ်ရှားဖို့ ညွှန်ကြားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013