DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရန် ကူညီဆောင်ရွက်ပေးသူများကို စုံစမ်းအရေးယူမည်
DVB
·
February 13, 2024
စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရန် ကူညီဆောင်ရွက်ပေးသူများကို စုံစမ်းအရေးယူမည်
Donate to DVB

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေယန္တရားလည်ပတ်နိုင်အောင် ပါဝင်ဆောင်ရွက်အားပေး ကူညီသူတွေကို ကျေးရွာ၊ ရပ်ကွက် အောက်ခြေအဆင့်အထိ စုံစမ်းဖော်ထုတ်အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။ 

နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့တာပါ။

ကြေညာချက်ထွက်လာပြီးနောက် လူငယ်တွေနဲ့ မိဘတွေဟာ ဒီဥပဒေပါပြဋ္ဌာန်းချက်တွေကြောင့် စိုးရိမ်တကြီးဖြစ်ခဲ့ရပါတယ်။ 

စစ်ကောင်စီက မြေပြင်မှာ သန်းခေါင်စာရင်းကောက်ယူတာအပြင် လူငယ်တွေရဲ့ သတင်းအချက်အလက်တွေကိုပါ ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ အာဏာသိမ်းပြီး ကတည်းက စုဆောင်းခဲ့တာပါ။

စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေယန္တရားလည်ပတ်နိုင်အောင် မြေပြင်မှာ အကူအညီပေးနေတဲ့သူတွေ၊ ကျေးရွာ၊ ရပ်ကွက်အဆင့် စာရင်းကောက်ယူသူတွေအထိ အဆင့်ဆင့် စုံစမ်းဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

"မတရားဥပဒေပါ၊ မတရားဥပဒေကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ယန္တရားတွေကို ကျနော်တို့ တိုက်ဖျက်သွားမှာဖြစ်တယ်၊ စစ်ကောင်စီယန္တရားတွေနဲ့ ပူးပေါင်းပြီး မဆောင်ရွက်ကြဖို့ သတိပေးချင်ပါတယ်။ စစ်မှုထမ်းဥပဒေကိုအကောင်အထည်ဖော်မယ့် ယန္တရားတွေကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမှာဖြစ်ပါတယ်။ စာရင်းကောက်တာက အစပေါ့နော်ရွာ၊ ရပ်ကွက်၊ မြို့နယ် အစရှိတဲ့  အဆင့်တွေကို ကျနော်တို့တွေ တိုက်ဖျက်သွားမှာ ဖြစ်တယ်။ အဲဒါတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မသင့်ဘူး၊ ပူးပေါင်းဆောင်ရွက်တာရှိရင်လဲ တရားဥပဒေအရ အရေးယူအပြစ်ပေးတာခံရမယ်ဆိုတာ ပြောကြားချင်ပါတယ်။"

စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်နေကြတဲ့ ပြည်သူတွေကို တတ်စွမ်းသရွေ့ အကူအညီပေးနိုင်ဖို့ NUG နဲ့ တိုင်းရင်းသားအင်အားစုတွေ ဘက်က ပူးပေါင်းပြင်ဆင်မှု တချို့ပြုလုပ်နေတယ်လို့လည်း သမ္မတရုံး တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီကတော့ ဥပဒေပြဋ္ဌာန်းပြီး နောက်ရက်မှာပဲ စစ်ကိုင်းတိုင်းထဲက လူငယ်တွေကို အဝေးပြေး ကားလမ်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားတာမျိုးမလုပ်ကြဖို့ဖို့ တော်လှန်ရေးအဖွဲ့‌ွေက မေတ္တာရပ်ခံစာထုတ်ထားပါတယ်။

စစ်ကိုင်းနယ်ခံနိုင်ငံရေးသမား ကိုစိုးဝင်းဆွေက "စစ်မှုထမ်း ဥပဒေအရ မြေပြင်မှာ ပေါ်တာဆွဲတဲ့ ပုံစံမျိုးပေါ့။  ပြည်သူတွေကို အစုအလိုက်အပြုံလိုက်ဖမ်းဆီးတာတွေက  မုံရွာ-မန္တလေးလမ်းမှာရော ၊ မုံရွာမြို့ အနောက်ဘက်ခြမ်းရော အဓိက လမ်းမကြီးတွေ ပေါ်မှာ စစ်တပ်ကကျူးလွန်နေတယ်ဆိုတာ သိရပါတယ်။ ရုတ်တရက်လမ်းမကြီးတွေ လမ်းဆုံ လမ်းခွ လူစည်ကားတဲ့ နေရာတွေမှာ express ကားတွေနဲ့ အကြမ်းဖက်စစ်သားတွေ ရောက်လာပြီးတော့ ပြည်သူတွေကို ပေါ်တာဆွဲတယ်။ စစ်မှုထမ်းရမယ်ဆိုတာမျိုး ပြောဆိုပြီးတော့ အကုန်လုံးကို အစုလိုက်အပြုံလိုက် ဆွဲစိနေတာတွေကို မြင်နေရပါတယ်။ တိုင်းရင်းသားတွေက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေနဲ့ပတ်သက်လို့ ပြောဆိုဆွေးနွေးတဲ့ အခါမှာ မင်းအောင်လှိုင်က ပြောလေ့ ရှိတာက ဒါတွေက သူလုပ်ပေးလို့ရတဲ့ အရာတွေမဟုတ်ဘူး။ လွှတ်တော်ခေါ်ယူကျင်းပပြီး လွတ်တော်က ဥပဒေပြဋ္ဌာန်းရမယ့်ကိစ္စတွေဖြစ်တယ်လို့ ပြောလေ့ပြောထရှိတယ်။ စစ်မှု မထမ်းမနေရ ဥပဒေဆိုတာမျိူးကျတော့ ဘယ်လွှတ်တော်မှ ခေါ်ယူခြင်းမရှိဘဲနဲ့ သူဘာသာသူပဲ (ပုံ) မင်းအောင်လှိုင်ဆိုတဲ့ ပုံစံမျိုးနဲ့လက်မှတ်ထိုးပြီး အမိန့်တွေထုတ်ပြီးလုပ်တယ်ပေါ့ဗျာ။ နိုင်ငံရေးမှာလည်း အကြမ်းဖက်စစ်တပ်ကယုံကြည်စရာမကောင်းဘူး။ လိုရင်လိုသလို ဆွဲသုံးတယ် ယူသုံးတယ်ဆိုတာထင်ရှားတယ်ပေါ့ဗျာ”လို့ ပြောပါတယ်။

မူလက စစ်ကောင်စီဘက်ကလူတွေ တော်လှန်ရေးဘက်ကိုကူးပြောင်းနိုင်ဖို့ လမ်းဖွင့်ပေးခဲ့တဲ့ ပြည်သူ့ရင်ခွင် အစီအစဉ် ကတော့ အကြောင်းအမျိုးမျိုးကြောင့် ရှောင်လွှဲမရဘဲ စစ်တပ်ထဲရောက်သွားရင် ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးဆက်သွယ်ဖို့ အကြံပြုထားပါတယ်။ စစ်ကောင်စီလက်ထဲကနေ အမြန်ဆုံးပြန်လွတ်မြောက်နိုင်ဖို့ တတ်စွမ်းသရွေ့ အကူအညီပေးမယ်လို့လည်း သူတို့ရဲ့ အကြံပြုစာမှာဖော်ပြထားပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် ဥက္ကဋ္ဌ ဦးမြင့်ထွေးက "ဒီဥပဒေကို အသက်သွင်းတဲ့ ဌာနတွေက အဆင့်ဆင့် လုပ်ကြရတာဖြစ်ပါတယ်။ ဥပဒေကို ဒီနေ့ အသက်သွင်း မနက်ဖြန်စတင်အ ကောင်အထည်ဖော်တာ ဖော်တဲ့နေရာမှာ အဆင့်ဆင့်အကောင်အထည်ဖော်မှုတွေကို ဆောင်ရွက်ကြတဲ့ လုပ်ငန်းစဥ်တွေလုပ်ကြဖို့ အများကြီးကျန်ပါသေးတယ်။ သို့သော် အခုကတော့ရှင်းတယ် ၁၀ ရက်နေ့ ထုတ်ပြန်ပြီး ၁၁ ရက်နေ့ ပေါ်တာဆွဲတာတော့  စောစောကတည်းက မတရားမဲ့ပြုကျင့်နေကျ လက်ယဉ်နေတဲ့ စစ်ကောင်စီအဖွဲ့ပဲဗျာ ဆက်လက်ပြီးအကောင်အထည်ဖော်မှာဖြစ်တယ်။ ပြည်သူ့ရင်ခွင်က ကြေညာထားသလိုပဲ စောစောကတည်းက  ပြည်သူ့ရင်ခွင်ချိတ်ထားပါ၊ မဖြစ်မနေမို့ တက်ရမယ်ဆိုလဲတက်ပေါ့ဗျာ။ တက်ပြီးတော့ သေနတ်ပြောင်းလှည့်ကျပါလို့ ကျနော်ပြောချင်ပါတယ်”လို့ ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတကာမှာ ပြဋ္ဌာန်းကျင့်သုံးရတဲ့ရည်ရွယ်ချက်က ပြည်သူအားလုံး စစ်ပညာနဲ့ စစ်ရေးအသိရှိပြီး လိုအပ်ရင်မိခင်နိုင်ငံကို အကာအကွယ်ပေးဖို့ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ အာဏာသိမ်းပြီးအခြေမလှချိန်မှာ ပြည်တွင်းစစ်မှာ လူသားဒိုင်းအဖြစ်အသုံးပြုပြီး ပြည်သူအချင်းချင်း သတ်ဖြတ်မှုတွေဖြစ်လာအောင် ဒီဥပဒေကို တလွဲအသုံးပြုခဲ့တာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013