
နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံကို ခြိမ်းခြောက်မှုတခုအဖြစ် ဖော်ပြထားတဲ့ ဂျပန်နိုင်ငံရဲ့ နောက်ဆုံးထုတ် နှစ်ပတ်လည် သံတမန်ရေးရာ အစီရင်ခံစာအပေါ် မြောက်ကိုရီးယားက "ကြီးမားတဲ့ ရန်စမှု" လို့ ခေါ်ဆိုပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက် ပါတယ်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတယောက်က နိုင်ငံပိုင်မီဒီယာ KCNA က နေ ဧပြီ ၁၅ ရက်မှာ ထုတ်ပြန်ရာမှာ အခုလို ပြစ်တင်လိုက်တာပါ။
၂၀၂၆ ခုနှစ်အတွက် ထုတ်ပြန်တဲ့ ဂျပန်ရဲ့ သံတမန်ရေးရာစာအုပ်ပြာ (Diplomatic Bluebook) ထဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားစွမ်းရည်ကို ဖော်ပြထားတာဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားတဲ့ "ကြီးမားတဲ့ ရန်စမှု" ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နျူကလီးယားအစီအစဉ်တွေကို လုံးဝဥဿုံ စစ်ဆေးအတည်ပြုနိုင်တဲ့ နည်းလမ်းနဲ့ အပြီးတိုင် စွန့်လွှတ်ဖို့ တိုကျိုရဲ့ တောင်းဆိုချက်ဟာ "ခေတ်နောက်ကျပြီး အကြောင်းပြချက် ပေးနေတဲ့ အဆိုပြုချက်" သာ ဖြစ်တယ်လို့ အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
သူတို့ရဲ့ နျူကလီးယားလက်နက် အစီအစဉ်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်သာ ဖြစ်တယ်လို့ ထပ်လောင်းပြောဆိုပါတယ်။
မြောက်ကိုရီးယားဟာ ဂျပန်နိုင်ငံရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်လိုတဲ့ ရည်မှန်းချက်တွေနဲ့ ဝါရှင်တန်နဲ့ ပူးပေါင်းပြီး ဒုံးကျည်တွေ တိုးမြှင့်ထုတ်လုပ်နေတာတွေကိုလည်း အရင်ကတည်းက ဝေဖန်ခဲ့ဖူးပါတယ်။
Source: Reuters











