DVB Logo
Home
မြန်မာသတင်း
မြန်မာပြည် ဒီမိုကရေစီအရပ်သားအုပ်ချုပ်ရေးဆီ ပြန်သွားရန် အမေရိကန်နှင့် ထိုင်းဝန်ကြီး ၂ ဦး တောင်းဆို 
DVB
·
February 13, 2024
မြန်မာပြည် ဒီမိုကရေစီအရပ်သားအုပ်ချုပ်ရေးဆီ ပြန်သွားရန် အမေရိကန်နှင့် ထိုင်းဝန်ကြီး ၂ ဦး တောင်းဆို 
Donate to DVB

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပမ်ပရီဘဟိဒါနုကာရတို့ ဖေဖော်ဝါရီ ၁၂ ရက်က ဝါရှင်တန်ဒီစီမှာ တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေအပြင် ပိုမိုဆိုးရွားလာနေတဲ့ မြန်မာ့အကျပ်အတည်းကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ 

မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာနေတဲ့ အကျပ်အတည်းအပေါ်  ဖြေရှင်းဖို့ ထိုင်းနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေရဲ့ ကြိုးပမ်းအားထုတ်မှုကိစ္စတွေအပါအဝင် ဒေသတွင်းနဲ့ ကမ္ဘာ့ရေးရာ ကိစ္စတွေ ဆွေးနွေးခဲ့သလို နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ တိုးချဲ့ပေးအပ်ဖို့ အရေးတကြီးလိုအပ်နေတဲ့အကြောင်း နှစ်နိုင်ငံစလုံးက အလေးထား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သက်ဆိုင်သူအားလုံး ပါဝင် တွေ့ဆုံဆွေးနွေးဖို့၊ မတရားဖမ်းဆီးခံထားရသူ အားလုံးပြန် လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဒီမိုကရေစီ အရပ်သားအုပ်ချုပ်ရေး လမ်းကြောင်းပေါ်ပြန်သွားဖို့  နိုင်ငံခြားရေးဝန်ကြီး နှစ်ယောက်က မြန်မာစစ်အာဏာရှင်ကို တောင်းဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့အကြား မဟာမိတ်ပြုမှုရဲ့ အရေးပါမှုကို ဝန်ကြီး ဘလင်ကန်က ထပ်လောင်းအတည်ပြုခဲ့ပြီး  နှစ်နိုင်ငံဆက်ဆံရေးနဲ့ ကမ္ဘာ့ရေးရာကိစ္စတွေ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ အခွင့်အလန်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံတွေ တိုးမြှင့်ဖို့၊ အင်ဒို-ပစိဖိတ်ဒေသလုံခြုံရေးကိစ္စ၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ဆက်ဆံရေး၊ အမေရိကန် - အာဆီယံ မဟာဗျူဟာမြောက် ကျယ်ကျယ်ပြန့်ပြန့် မိတ်ဖက်ဆက်ဆံရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့သလို ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ကာကွယ်ရေး နိုင်ငံသားတွေအားလုံး နိုင်ငံရေး ဖြစ်စဉ်တွေမှာ လွတ်လပ်စွာ ပါဝင်ခွင့်ရေး သေချာစေဖို့ ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်နဲ့ ထိုင်း နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၁၉၀ ပြည့် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာအောင် မြှင့်တင်သွားမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ နှစ်နိုင်ငံ ဝန်ကြီးတွေဟာ ဒေသတွင်း အခြေအနေတွေ အထူးသဖြင့် ပထဝီနိုင်ငံရေးအပေါ်ရှုမြင်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း   လူသားချင်းစာနာမှုအကူအညီပေးရေး အစီအစဉ် ကနဦး စတင်လုပ်ဆောင်မှုတွေအပါအဝင် မြန်မာနိုင်ငံအကျပ်အတည်းပြဿနာ ပြေလျော့သွားအောင် ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန်က ကြိုဆိုတယ်လို့ ဆိုပါတယ်။  

အစ္စရေးနဲ့ ယူကရိန်းအခြေအနေတွေအပါအဝင် တခြားဒေသတွင်း  ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ဂါဇာမှာ ဖမ်းဆီးခံနေရတဲ့ ထိုင်းနိုင်ငံသား  ဓားစာခံတွေ လွတ်မြောက်ရေး အကူအညီပေးဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေအားလုံး ပြန်လွတ်လာစေရေး အာမခံချက်ရှိဖို့ အမေရိကန်က သန္နိဋ္ဌာန်ချထားတယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးပမ်ပရီဟာ  ဘလင်ကန်ရဲ့ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဘန်ကောက်က ထွက်ခွာခဲ့တာဖြစ်ပြီး သူ့ခရီးစဉ်အတွင်းမှာ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအပြင် အထက်လွှတ်တော်အမတ်တွေနဲ့ပါ တွေ့ဆုံပြီး ဒေသတွင်းအရေးတွေ ဆွေးနွေးဖို့ ရှိနေပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ အစီအစဉ်ကို အာဏာသိမ်း စစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ထိုင်းကအဆိုပြုတဲ့ ဒီအစီအစဉ်ကို လာအိုနိုင်ငံ၊ လွမ်ပရာဘန်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံစဉ် သဘောတူ ထောက်ခံခဲ့ကြပြီး ရှေ့ပြေးအစီအစဉ်အနေနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ဘေးကင်ဇုန်တခု ဖန်တီးဖို့  ထိုင်းအစိုးရက ရည်ရွယ်ထားပါတယ်။

မြန်မာနိုင်ငံအတွက် အကူအညီပေးမယ့် အစီအစဉ်ကို အာဆီယံ လူသားချင်းစာနာမှုနဲ့ သဘာဝဘေးစီမံခန့်ခွဲ ရေးညှိနှိုင်းဆောင်ရွက်မှုစင်တာ (AHA Center) က ကြီးကြပ်သွားမှာ ဖြစ်ပြီး စစ်ကောင်စီဩဇာခံ မြန်မာကြက်ခြေနီနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ဆိုပါတယ်။

စစ်ဘေးဒဏ်ခံနေရတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးမယ့် အစီအစဉ်ကို ထိုင်းအစိုးရက မြန်မာအာဏာသိမ်း စစ်တပ်နဲ့ ပူးပေါင်းပြီးလုပ်ဆောင်မယ့်ပေါ် ထိရောက်မှုရှိမှာမဟုတ်ဘူးဆိုပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့  အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်နေကြပါတယ်။  

Photo-MOFA Thailand

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013