DVB Logo
Home
မြန်မာသတင်း
ကက္ကူဘုရားတွင် ရောက်ရှိနေသည့် ဆီဆိုင်စစ်ရှောင် ၁၀,၀၀၀ ကျော်ကို နေရာပြောင်းရွှေ့ခိုင်း
DVB
·
February 13, 2024
ကက္ကူဘုရားတွင် ရောက်ရှိနေသည့် ဆီဆိုင်စစ်ရှောင် ၁၀,၀၀၀ ကျော်ကို နေရာပြောင်းရွှေ့ခိုင်း
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ပေါ် တိုက်ပွဲကြောင့် ကက္ကူဘုရားမှာရောက်ရှိနေတဲ့ ဆီဆိုင်စစ်ရှောင် ၁၀,၀၀၀ ကျော်ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က နီးစပ်ရာကျေးရွာတွေကို ဖေဖော်ဝါရီ ၁၁ ရက်မှာ စတင်ပြောင်းရွှေ့ခိုင်းတယ်လို့ သိရပါတယ်။

ကက္ကူကျေးရွာအနီးတဝိုက်က လွယ်သောင်၊ တခေါ့တမွူး၊ တနွိုင်ထော့၊ မောက်စံ၊ ပုန်းလောင်း စတဲ့ကျေးရွာတွေဆီကို တရွာကို စစ်ရှောင်ဦးရေ ၅၀၀ လက်ခံခိုင်းတယ်လို့လည်း သိရပါတယ်။

ဆီဆိုင်စစ်ရှောင်အမျိုးသားတဦးက “ကားတွေမရှိတဲ့လူတွေကိုတော့ လက်ခံပေးတဲ့ရွာတွေက လာခေါ်ပေးတယ်။ နေစရာကိုတော့ ရွာသားတွေကပဲ ပြန်စီစဉ်ပေးတယ်။ ဘယ်လိုနေရမလဲ ဆိုတာတော့ ဟိုရောက်မှသိမှာ။ ဘာလို့ပြောင်းခိုင်းလဲဆို ဒီမှာက ခရီးသွားတွေ၊ ပြီးတော့ ကက္ကူဆိုတာ သမိုင်းဝင် ရှေးဟောင်းနေရာ အထွတ်အမြတ်ထားတဲ့ နေရာဆိုတော့ မတင့်တယ်လို့ ပြောင်းခိုင်းတာ” လို့ ပြောပါတယ်။

စစ်ရှောင်တွေ နေ့စဉ်နဲ့အမျှ တိုးလာနေပေမဲ့ မွေတော်ကက္ကူဘုရားရင်ပြင်တော်မှာ သန့်ရှင်းမှုနဲ့ လုံခြုံရေးတွေ အားနည်းလာတဲ့အတွက် ဘုရားဂေါပကအဖွဲ့တွေက နေရာပြောင်းရွှေ့ဖို့ မနေ့ကတည်းက ဆော်ဩထားပါတယ်။ ဒီအတွက်ကြောင့် သွားစရာနေရာ မရှိလို့ တောတောင်ထဲမှာ ပြန်သွားတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

လွယ်ထွယ်ကျေးရွာကနေ စစ်ရှောင်လာတဲ့ အမျိုးသမီးတဦးကလည်း “သုံးနေရာလောက် ပြောင်းလာပြီးပြီ။ အခုလည်း ဒီမှာပေးမနေတော့ဘူး။ ရွာပြန်ဖို့ စဉ်းစားထားတယ်။ အိမ်မှာလည်း လုပ်စရာတွေချည်းပဲ။ ပဲစင်းငုံလည်း မယူရသေးဘူး၊ ငရုတ်သီးလည်း မခြွေရသေးဘူး။ ဒီမှာပေးမနေတော့ အိမ်ပြန်မလားပေါ့။ စားဖို့လည်း ရှိမှ မရှိတော့တာ။ ဒီမှာ အလုပ်လည်း မရှိဘူးလေ” လို့ ပြောပါတယ်။

လက်ရှိမှာ ဆီဆိုင်မြို့နယ်တွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နေ့ရောညပါ လေယာဉ်တွေနဲ့ မြို့ပေါ်နဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ပြုလုပ်နေပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် မနက်ကလည်း စစ်ကောင်စီတပ်က ဆိုက်ခေါင်စံပြကျေးရွာကနေ လက်နက်ကြီး ပစ်ခတ်တဲ့အတွက် ဆီဆိုင်မြို့တွင်း အိမ်ဆိုင်တခု မီးလောင်ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013