DVB Logo
Home
မြန်မာသတင်း
ထိုင်းသတင်းကပြောသော ရွှေကုက္ကိုလ်အကြောင်း
DVB
·
February 12, 2024
ထိုင်းသတင်းကပြောသော ရွှေကုက္ကိုလ်အကြောင်း
Donate to DVB

လတ်တလော မြန်မာနိုင်ငံမှာ ကျားဖြန့်ငွေလိမ်ဂိုဏ်း နှိမ်နင်းမှုနဲ့ နောက်ဆက်တွဲဂယက်တွေ လှိုင်းထနေချိန်မှာ ထိုင်းက နာမည်ကြီး သတင်းဌာနတခုကလည်း မြန်မာဘက်ခြမ်း မြဝတီခရိုင် ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ဖေ‌ဖော်ဝါရီ ၁၁ ရက် မနေ့က ထုတ်လွှင့်ခဲ့ပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုလ် စီးပွားရေးဇုန်မှာ အလုပ်ကောင်းရမယ်ဆိုပြီး ဥပဒေနဲ့မကင်းတဲ့ အလုပ်တွေကို အတင်းအကျပ် စေခိုင်းခံရသူ၊ အလိမ်ခံရသူ စုစုပေါင်း ၁ ထောင်ကျော်ကို တာဝန်ရှိသူတွေက ပြီးခဲ့တဲ့အပတ်က ကယ်ထုတ်ခဲ့ပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံသား ၁၀၀ ကျော်လည်း ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းလဝက (လူဝင်မှုကြီးကြပ်ရေး) ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကယ်တင်ခံရသူ စုစုပေါင်း ၁,၈၃၇ ဦးရှိပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား ၂၅၈ ဦး၊ အီသီယိုပီးယား ၈၆ ဦး၊ အိန္ဒိယ ၂၃ ဦး၊ မြန်မာ ၈၄၄ ဦး၊ ထိုင်း ၁၀၃ ဦးနဲ့ အခြားနိုင်ငံသား ၃၈၈ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီရွှေကုက္ကိုလ်ဒေသ အထူးစီးပွားရေးဇုန်နဲ့ ကေကေမြို့သစ်မှာ ကာစီနိုလောင်းကစားရုံ၊ စားသောက်ဆိုင်၊ ဟိုတယ်တွေရှိပြီး တရုတ်လူမျိုး ရှေကျေ့ကျန်းဆိုသူက ပိုင်ဆိုင်ကြောင်း၊ နယ်မြေကတော့ ဗိုလ်မှူးစောချစ်သူ ဦးဆောင်တဲ့ မြန်မာစစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာလို့ ဆိုပါတယ်။ တရားမဝင် လောင်းကစားမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက ဒီဒေသကို စောင့်ကြည့်နေပြီး ရှေကျေ့ကျန်းနဲ့ စောချစ်သူတို့ နှစ်ဦးလုံးကိုလည်း အမေရိကန်နဲ့ ကနေဒါက Black List အမည်ပျက်စာရင်း သွင်းထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၃ က ရွှေကုက္ကိုလ်ဒေသ call center (အွန်လိုင်းလိမ်လည်မှု) လုပ်ငန်း ပပျောက်ရေးအတွက် ထိုင်းဘက်ကနေပြီး လျှပ်စစ်မီးရောင်းချပေးနေတဲ့ စာချုပ်ကို ဆက်မချုပ်တော့ဘဲ ရပ်နားလိုက်ပါတယ်။ ဒါပေမယ့် မအောင်မြင်ဘဲ ဒီ ၂၀၂၄ ဇန်နဝါရီလ တွေ့မြင်ချက်အရ ရွှေကုက္ကိုလ်ဒေသမှာ လျှပ်စစ်မီးတွေ လင်းထိန်နေဆဲဖြစ်ကြောင်း၊ သူတို့ဘာသူတို့ လျှပ်စစ်ဓာတ်အား ဝယ်ယူသုံးစွဲနေတယ်လို့ ပြောပါတယ်။

ရွှေကုက္ကိုလ်ဒေသရှိ Call Center အွန်လိုင်းလိမ်လည်မှုကို ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး နှိမ်နင်းဖို့အတွက် မြန်မာစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းဘက်က တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမဲ့ စောချစ်သူရဲ့ BGF နဲ့ မြန်မာစစ်ကောင်စီဟာ ၁၄ နှစ်တာ ချစ်ကြည်ရင်းနှီးမှု ရှိခဲ့တယ်၊ ဇန်နဝါရီ ၂၂ ရက်နေ့မှာ စောချစ်သူရဲ့ BGF ဘက်က စစ်ကောင်စီကပေးတဲ့ လစာနဲ့ ထောက်ပံ့မှုတွေ ယူတော့မှာမဟုတ်ဘူးလို့ အကြောင်းကြားပြီး မိမိဘာသာရပ်တည်ဖို့ ကြိုးစားလာပါတယ်။

ဇန်နဝါရီလထဲမှာ မြန်မာဘက်ခြမ်း မြဝတီကနေ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေ ဖမ်းဆီးရမိခဲ့တယ်။ ကွင်းဆက်အရ မဲဆောက် သောင်ရင်းမြစ်ကမ်းက နေအိမ်တလုံးကနေ call center (အွန်လိုင်းလိမ်လည်မှု) နဲ့ ဆက်စပ်နေတဲ့ ကွန်ပြူတာတွေ၊ တယ်လီဖုန်းတွေ အပါအဝင် ဆက်သွယ်ရေးကိရိယာတွေ အမြောက်အမြား သိမ်းဆည်းရမိခဲ့ပါတယ်။

လဝကရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁၀ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့ထိ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲကို မြန်မာဘက်ခြမ်းကနေ တရားမဝင် ဝင်ရောက်လာသူပေါင်း ၆၃၄ ဦးရှိပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား ၆၅ ဦး၊ အီသီယိုးပီးယား ၁၀ ဦး၊ မြန်မာ ၅၁၅ ဦး၊ ဗီယက်နမ် ၇ ဦး၊ မလေးရှား ၁၆ ဦး၊ ဩစတြေးလျ ၆ ဦးနဲ့ အခြားနိုင်ငံတွေက ၁၅ ဦး ရှိပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ နှိမ်နင်းဖို့ဆိုတာ မရေမရာဖြစ်နေပြီး ထိုင်းနိုင်ငံအနေနဲ့တော့ တရားမဝင်အနေနဲ့ ပိုမိုဝင်ရောက်လာမယ့်  တရားမဝင်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသားတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေကို ပိုမိုကြပ်မတ် စောင့်ကြည့်ရမယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013