DVB Logo
Home
မြန်မာသတင်း
ရမ်းဗြဲမြို့နယ်တွင် ဆေးဝါးနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ ပြတ်လပ်
DVB
·
February 11, 2024
ရမ်းဗြဲမြို့နယ်တွင် ဆေးဝါးနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ ပြတ်လပ်
Donate to DVB

၂ လကျော်နီးပါး တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ စတင်ပြတ်လပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရမ်းဗြဲမြို့နယ်မှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေကြောင့် စစ်ကောင်စီက ရမ်းဗြဲမြို့နယ်ကနေ ခရီးသွားလာခွင့်နဲ့ ကုန်ပစ္စည်း သယ်ယူခွင့်တွေကို ပိတ်ပင်ထားပြီး ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာ ရှားပါးလာသလို အကန့်အသတ်နဲ့ပဲ ဝယ်ယူနေရတယ်လို့ သိရပါတယ်။

ရမ်းဗြဲမြို့ခံ အမျိုးသမီးတယောက်က “ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေက အရမ်းရှားနေပြီ။ တချို့စစ်ဘေးရှောင်တွေဆို ကျန်းမာရေးဆိုးဆိုးဝါးဝါးကိစ္စတွေ ကြုံနေရတယ်။ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဆိုလည်း အကန့်အသတ်နဲ့ပဲ ဝယ်လို့ပဲရတော့တယ်။ နေမကောင်းလို့ ဆေးခန်းသွားဖို့ကလည်း ဆေးရုံ ဆေးခန်းတွေမှာ ဆရာဝန်နဲ့ သူနာပြုတွေလည်း မရှိတော့ဘူး။ ဆေးဝါးတွေလည်း အကုန်ပြတ်နေပြီ” လို့ ပြောပါတယ်။

ရမ်းဗြဲမြို့ပေါ်နဲ့ နယ်တဝိုက်ကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရပါတယ်။

စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ ကျန်းမာရေး၊ အစားအသောက်နဲ့ အဝတ်အထည်တွေ လိုအပ်ပြီး  အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

လေးတောင်မြို့ဒေသခံတယောက်က “အဝတ်တထည်ကိုယ်တခုနဲ့ စစ်ဘေးရှောင်လာရတဲ့သူတွေ ပါတယ်။ စစ်ရှောင်တဲ့ထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေပါ အများစုပါတော့ နေမကောင်းက ခဏခဏဖြစ်ကြတယ်။ အဝတ်အထည်နဲ့ စားရေးသောက်ရေးက ရှိတဲ့သူတွေက စုပြီးတော့ လှူဒါန်းကြတာတွေရှိတယ်။ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကတော့ ဝယ်လို့မရ၊ သယ်လို့မရတော့ အတော်ကလေး ဒုက္ခရောက်နေကြတယ်” လို့ ပြောပါတယ်။

မြို့တွင်းတိုက်ပွဲတွေပြင်းထန်နေတဲ့ ရမ်းဗြဲမြို့မှာ မြို့လုံးကျွတ် စစ်ဘေးရှောင်လာရတဲ့အတွက် မြို့ထဲမှာ ဆေးဝါးနဲ့ စားနပ်ရိက္ခာပစ္စည်းတွေ ကျန်ရှိခဲ့ပြီးတော့ ဒီပစ္စည်းတွေကိုလည်း စစ်ကောင်စီက ဖောက်ထွင်းခိုးယူနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ရမ်းဗြဲမြို့ပေါ်က ရမ္မာဝတီ မြို့မဈေး အပါအဝင် ရွှေတုံး၊ လောင်းချောင်း၊ အောင်ဆိပ်ရပ်ကွက်က နေအိမ်အများစုဟာလည်း  မီးလောင် ပျက်စီးကုန်ပြီလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရမ်းဗြဲမြို့တွင်းတိုက်ပွဲမှာ နိုင်ငံတကာစစ်ဥပဒေက ကန့်သတ်ထားတဲ့ အဆိပ်ဓာတ်ငွေ့ဗုံးကို ဇန်နဝါရီ ၂၈ ရက်နေ့က တကြိမ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့က တကြိမ် အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013