DVB Logo
Home
နိုင်ငံတကာ
နော်ဝေးက အာတိတ်ဒေသရှိ ရုရှားသင်္ဘောတစင်းကို လျော်ကြေးအဖြစ်သိမ်းဆည်း
DVB
·
September 5, 2026
Photo:Reuters
Photo:Reuters
Donate to DVB

၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကို ရုရှားသိမ်းပိုက်ချိန်မှာ ယူကရိန်စွမ်းအင်ကုမ္ပဏီ နက်ဖ်တိုဂက်ဇ်ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့တာနဲ့ပတ်သက်ပြီး ရသင့်တဲ့ လျော်ကြေး ဒေါ်လာ ၄ ဒသမ ၂၂ ဘီလီယံ တောင်းဆိုမှု အနိုင်ရခဲ့တာကို အကောင်အထည်ဖော်ဖို့အတွက် နော်ဝေးနိုင်ငံက အာတိတ်ဒေသမှာ ရှိတဲ့ ရုရှားသင်္ဘောတစင်းကို သိမ်းဆည်းလိုက်တယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၂ ရက် နှောင်းပိုင်းမှာ ပြောပါတယ်။

"ပါမောက္ခ မိုလ်ချာနော့ဗ်"အမည်ရှိ အဲဒီသင်္ဘောဟာ နော်ဝေးကမ်းခြေစောင့်တပ်နဲ့ ၂၄ နာရီကြာ တင်းမာမှု ဖြစ်ပွားခဲ့ပြီးနောက် နော်ဝေးပိုင် အာတိတ်ကျွန်းစုဖြစ်တဲ့ စဗားလ်ဘာ့ဒ်ကမ်းလွန်မှာ သိမ်းဆည်းခံခဲ့ရတာလို့ နက်ဖ်တိုဂက်ဇ် ကုမ္ပဏီရဲ့ရှေ့နေအဖြစ် ဆောင်ရွက်ပေးနေတဲ့ ကော့ဗင်တန် အမည်ရှိ အမေရိကန် ဥပဒေရေးရာကုမ္ပဏီက ပြောပါတယ်။

နော်ဝေရဲ့ ဒီလုပ်ရပ်ဟာ "ပင်လယ်ဓားပြဆန်တဲ့ လုပ်ရပ်" ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်ကို ရုရှားအစိုးရသတင်းအေဂျင်စီ TASS က ကိုးကားဖော်ပြ ပါတယ်။

သင်္ဘောသွားလာမှု စောင့်ကြည့်ရေးဝဘ်ဆိုက် မရိန်း ထရက်ဖစ်ရဲ့ အချက်အလက်တွေအရ ပါမောက္ခ မိုလ်ချာနော့ဗ် သင်္ဘောဟာ စဗားလ်ဘာ့ဒ် ကျွန်းစုပေါ်က ဘားရန့်စ်ဘာ့ဂ် မြို့ဆီ ဦးတည် ခုတ်မောင်းသွားခဲ့ပြီး စက်တင်ဘာ ၁ ရက် ကတည်းက အဲဒီမှာပဲ ရပ်တန့်ထားကြောင်း တွေ့ရ ပါတယ်။

နက်ဖ်တိုဂက်ဇ်ကုမ္ပဏီဟာ ခရိုင်းမီးယားမှာရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မတရားသိမ်းဆည်း ခံရမှုအတွက် လျော်ကြေးရဖို့ ၂၀၁၆ ခုနှစ်တည်းက ရုရှားကို တရားစွဲဆို လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ 

သည်ဟေ့ဂ်မြို့မှာရှိတဲ့ ခုံသမာဓိလူကြီးအဖွဲ့က ၂၀၂၃ ခုနှစ် ဧပြီလမှာ ရုရှားအနေနဲ့ နက်ဖ်တိုဂက်ဇ် ကုမ္ပဏီကို ဒေါ်လာ ၄ ဒသမ ၂၂ ဘီလီယံ အပြင် အတိုးနဲ့ တရားစရိတ်တွေ ပေးလျော်ဖို့ အမိန့်ချမှတ်ခဲ့ပေမဲ့ မော်စကိုဘက်က ပေးလျော်ခြင်း မရှိခဲ့ပါဘူး။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013