DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်မြို့ ခမရ ၅၄၆  ရှေ့တန်းစခန်းတခုကို KNLA ပူးပေါင်းတပ် သိမ်းပိုက်
DVB
·
February 7, 2024
ကော့ကရိတ်မြို့ ခမရ ၅၄၆  ရှေ့တန်းစခန်းတခုကို KNLA ပူးပေါင်းတပ် သိမ်းပိုက်
Donate to DVB

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အနောက်ဘက် ၃ မိုင်ခန့်အကွာ (ကော့ကရိတ်-ကျုံဒိုးလမ်းမပေါ်) အင်အား ၇၀ ခန့်ရှိ ခမရ ၅၄၆ လက်အောက်ခံ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံကုန်းအား KNLA၊ BGF၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ 

လျှပ်စစ်ဓာတ်အားခွဲ စက်ရုံကုန်းအား ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက်  ၈ နာရီလောက်မှာ ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ် ၄၀ လောက်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အရာရှိတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ခန့် သေဆုံး၊ ဒဏ်ရာအများအပြား ရရှိခဲ့သလို KNLA ပူးပေါင်းတပ်ဘက်ကလည်း ရဲဘော်အချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ စက်ရုံကုန်းအား သိမ်းပိုက်ပြီးနောက် စခန်းမထိုင်ဘဲ KNLA ပူးပေါင်းတပ်တွေ ပြန်လည် ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၆ ရက် မနက်ကလည်း တံတားဦးပန်းခြံအနီးမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က  မြေပြင်လက်နက်ကြီးအပြင် ဝေဟင်ကနေ မီးလောင်ဗုံးတွေ အသုံးပြုကာ ဒရုန်းဗုံးကြဲချတာကြောင့်  ခရင်းကုန်း(ဆေးရုံကုန်း)အနောက်ဘက် နေအိမ်တွေ မီးလောင် ပျက်စီးခဲ့တယ်လို့  တော်လှန်ရေးအင်အားစုတာဝန်ရှိသူတဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက် မနက် ၁၀ နာရီလောက်ကလည်း ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီရဲ့ စကခ ၁၂ လက်အောက်ခံ ၃၁၃ အမြောက်တပ်နဲ့ တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီး ၁ ယောက်အနီး ကျည်ကျရောက်ပေါက်ကွဲပြီး နေရာမှာတင် သေဆုံးခဲ့ရပြီး လျှပ်စစ်မီးတိုင်းတွေပါ ပြိုကျပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ကော့ကရိတ် မြို့တွင်းမြို့ပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ ၁ သိန်းနီးပါးဟာ စစ်ရှောင်စခန်း ၁၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး စားသောက်ရေး အခက်အခဲကြုံနေရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ ၂၀ နီးပါး ထိမှန်သေဆုံးခဲ့ပြီး နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတဲ့အပြင် နေအိမ် ၅၀ ကျော်ထိမှန်ပျက်စီးခဲ့တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013