DVB Logo
Home
နိုင်ငံတကာ
ချီလီ တောမီးကြောင့် သေဆုံးသူ ၁၂၃ ဦးထိ မြင့်တက်
DVB
·
February 6, 2024
ချီလီ တောမီးကြောင့် သေဆုံးသူ ၁၂၃ ဦးထိ မြင့်တက်
Donate to DVB

ချီလီနိုင်ငံအလယ်ပိုင်း ဗာလ်ပါရိုက်ဆို ဒေသမှာ တောမီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ ၁၂၃ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရဲ့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

တောင်အမေရိကနိုင်ငံရဲ့ မှုခင်းဆေးပညာအေဂျင်စီ၊ ဥပဒေရေးရာ ဆေးဘက်ဆိုင်ရာဌာန အဆိုအရ သေဆုံးသူ ၃၃ ဦးကိုတော့ ဘယ်သူဘယ်ဝါတွေဆိုတာ ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

သောကြာနေ့တုန်းက ဗာလ်ပါရိုက်ဆိုရဲ့ နေရာအသီးသီးမှာ ဟက်တာ ၁၁,၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်ပေါင်း ၃,၀၀၀ ကနေ ၆,၀၀၀ အကြား ပျက်စီးမှုအဆင့်အမျိုးမျိုး ကြုံတွေ့ခဲ့ရပါတယ်။

ဗီနာဒယ်လ်မာ ကမ်းရိုးတန်း ခရီးသွားမြို့တဝိုက်ရှိ ဧရိယာတွေဟာ အပြင်းထန်ဆုံး ထိခိုက်မှု ကြုံခဲ့ရပြီး ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဘေးဒဏ်ခံဒေသတွေ အားလုံးကို ရောက်ရှိဖို့ ရုန်းကန်နေရပါတယ်။

လူပေါင်း ၃ သိန်းလောက် နေထိုင်ကြတဲ့မြို့မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ အနည်းဆုံး ၁,၆၀၀ လောက် ရှိပါတယ်။

ဗီနာဒယ်လ်မာမြို့ရဲ့ အရှေ့ဘက်အစွန်းရှိ ရပ်ကွက်အများအပြားမှာ မီးတောက်တွေနဲ့ မီးခိုးတွေ ဖုံးလွှမ်းနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်လို့မရ ဖြစ်နေခဲ့တာပါ။

မြို့နဲ့အနီးတဝိုက်မှာ လူ ၂၀၀ လောက် ပျောက်ဆုံးနေကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။

တောင်အမေရိကနိုင်ငံဟာ မီးဘေးဒုက္ခသည်တွေအတွက် အမျိုးသားရေး ဝမ်းနည်းခြင်းကာလ ၂ ရက်တာကို စတင်ခဲ့ပါတယ်။

အာဏာပိုင်တွေက အရေးပေါ်အခြေအနေ ကြေညာထားပြီး မီးငြှိမ်းသတ်နိုင်ရေးနဲ့ ဒေသတွင်း အင်အားတွေကို ပံ့ပိုးကူညီနိုင်ဖို့အတွက် မီးသတ်တပ်ဖွဲ့ဝင်တွေကို စေလွှတ်ထားပါတယ်။

ချီလီနိုင်ငံမှာ ၂၀၁၀ ခုနှစ်တုန်းက ၅၂၅ ဦး သေဆုံးကာ ၂၃ ဦး ပျောက်ဆုံးခဲ့ရတဲ့ ပြင်းအား ၈ ဒသမ ၈ အဆင့်ရှိ ငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီ လှုပ်ခတ်ပြီးနောက်ပိုင်း အဆိုးရွားဆုံး ကြေကွဲစရာဖြစ်ရပ် ဖြစ်တယ်လို့ ချီလီသမ္မတ ဂယ်ဘရီယလ် ဘောရစ်က တနင်္လာနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ချီလီနိုင်ငံမှာ အပူလှိုင်းဝင်ရောက်နေတဲ့ ခုနွေရာသီကာလမှာ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013