ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ရပ်ကွက်တချို့မှာ ဖေဖော်ဝါရီ ၅ ရက်က ကချင်လွတ်မြောက်ရေးတပ် (KIA) အရာရှိတွေကို စစ်ကောင်စီလက်အောက်ခံ လီဆူ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းက ခြိမ်းခြောက်ရေးသားထားတယ်ဆိုတဲ့ စာတစောင် ပျံ့နှံ့ခဲ့ကြောင်း သိရပါတယ်။
ကချင်လွတ်မြောက်ရေးတပ် (KIA) က ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ နောက်လိုက်နွား PDF ယောင်ဝါး အသင်းတော်ဆရာများ မြစ်ကြီးနားမြို့မှ အမြန်ဆုံးထွက်ခွာဖို့ ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့က ထုတ်ပြန်သည်ဆိုတဲ့ စာတစောင် မြို့တွင်းပျံ့နှံ့နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။
အေးမြသာယာရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးတဦးက “KIA က ဗိုလ်ချုပ်ကြီး ဂွန်မော်ကို ခြိမ်းခြောက်တဲ့စာ ဈေးသွားရင်းနဲ့ တွေ့ခဲ့ရတယ်။ အဲ့ဒီထဲမှာ PDF တွေကော နောက်ပြီး ဘာသာရေးဆရာတွေကိုကော မြစ်ကြီးနားမြို့ကနေ ၁၀ ရက်အတွင်း ထွက်သွားဖို့ ဦးရွှေမင်းအဖွဲ့က သတိပေးကြောင်း ခြိမ်းခြောက်စာထဲမှာ ပါတယ်။ စာရွက်တွေတွေ့တော့ ဖတ်ကြည့်ပြီး ပြန်ပစ်ထားခဲ့တယ်” လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့ ရပ်ကွက်တချို့မှာ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းက ခြိမ်းခြောက် ရေးသားထားတယ်ဆိုတဲ့စာ ပျံ့နှံ့ပြီးနောက် “ဦးရွှေမင်းက ထုတ်ပြန်သောစာ ဟုတ် မဟုတ် သိလိုကြောင်း၊ မဟုတ်ပါက ဖေဖော်ဝါရီ ၈ ရက်နေ့ နောက်ဆုံးထားပြီး မဟုတ်မှန်ကြောင်း ထုတ်ပြန်စေလိုကြောင်းနဲ့ မထုတ်ပြန်ပါက ဤစာသည် ဦးရွှေမင်း ထုတ်ပြန်သည့်စာအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း” ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
KIO အပေါ် ခြိမ်းခြောက်ထားတယ်ဆိုတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ရေးသားထားတယ်ဆိုတဲ့ စာဟာ မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်၊ မြေမြင့်ရပ်ကွက်၊ ကွက်သစ်၊ ဂျန်မိုင်ကောင်း ရပ်ကွက်တွေမှာ ပျံ့နှံ့နေခဲ့တာပါ။
ပျံ့နှံ့ခဲ့တဲ့ ဦးရွှေမင်းရဲ့ ခြိမ်းခြောက်စာနဲ့ ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေး ရေးသားပြီးနောက် “ကျွန်ုပ် ဦးရွှေမင်းသည် ယခုကဲ့သို့ သိက္ခာမဲ့သည့် ရေးသားဖြန့်ဝေမှုလုပ်ရပ်မျိုးကို ဘယ်သောအခါမျှ လုပ်ဆောင်ရန် အကြောင်းမရှိ၊ နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင်ဟူသည် ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြောဆို၊ ရေးသားတိုက်ခိုက်မှု ဘယ်သောအခါမျှ ပြုမည်မဟုတ်ကြောင်း” ဦးရွှေမင်းကလည်း သူ့ရဲ့ လူမှကွန်ရက်စာမျက်နှာမှာ ပြန်လည်ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က ရမ်ပူရပ်ကွက်မှာရှိတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းရဲ့ ဒူးလေးပါတီရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၃၀ ရက် ညပိုင်းကလည်း စီတာပူရပ်ကွက်မှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) က ဗိုလ်ချုပ်ကြီး အင်ဘန်လ နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။