
ကမ္ဘာတဝန်း ရာဇဝတ်မှုတွေ ပိုကျယ်ပြန့်များပြားလာလို့ အင်တာပိုရဲ့ ယုံကြည်စိတ်ချရမှုကို မြှင့်တင်ဖို့နဲ့ ပိုချဲ့ထွင်နိုင်စေဖို့ ဖွံ့ဖြိုးဆဲနိုင်ငံက အကြီးအကဲတဦးကို အင်တာပိုက ရွေးချယ်သင့်တယ်လို့ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) အေဂျင်စီကို ဦးဆောင်မယ့် ဘရာဇီးနိုင်ငံရဲ့ ကိုယ်စားလှယ်လောင်း ဗာလ်ဒေစီ အူရ်ကီဇာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒါဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေလိမ့်မယ်လို့လည်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘရာဇီး ပြည်ထောင်စုရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး အူရ်ကီဇာက ပြောပါတယ်။
အနှစ် ၁၀၀ သက်တမ်းအတွင်း အင်တာပိုကို အမေရိကန်နဲ့ ဥရောပလေးနိုင်ငံ အပါအဝင် အနောက်ဥရောပရဲ့ ဖွံ့ဖြိုးပြီးနိုင်ငံ ငါးနိုင်ငံက အမျိုးသားတွေက ဦးစီးခဲ့တာပါ။
အင်တာပိုရဲ့ အမှုဆောင်ကော်မတီဟာ လက်ရှိအကြီးအကဲ ဂျာမနီက ယာဂန် ရှတော့ခ်ကို အစားထိုးပြီး ငါးနှစ်သက်တမ်းအတွက် တာဝန်ထမ်းဆောင်မယ့် အထွေထွေအတွင်းရေးမှူး အသစ်ကို ဇွန် ၁၃ ရက်မှာ ရွေးချယ်မှာပါ။
ကိုယ်စားလှယ်လောင်း ၄ ဦးထဲမှာ လက်ရှိ အင်တာပိုရဲဌာန ညွှန်ကြားရေးမှူး၊ ဇမ်ဘီယာနိုင်ငံက မူဘီတာ နာဝါနဲ့ ပါကစ္စတန်နိုင်ငံက ဖိုင်ဆယ် ရှန်ခါတို့လည်း ပါပါတယ်။
ရွေးချယ်ခံရသူရဲ့ နာမည်စာရင်းကို နိုဝင်ဘာလမှာ ကျင်းပမယ့် အင်တာပိုရဲ့ အထွေထွေညီလာခံမှာ တင်သွင်းမှာပါ။
ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့မှာ ရုံးချုပ်ရှိတဲ့ အင်တာပိုမှာ အဖွဲ့ဝင် ၁၉၆ နိုင်ငံ ရှိပါတယ်။ ကမ္ဘာ့အကြီးဆုံး ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့ဖြစ်ပြီး ကမ္ဘာတဝန်းက ရဲတပ်ဖွဲ့ဝင်တွေကို ကွန်ရက်ချိတ်ဆက် ထားပါတယ်။
Source/Photo-REUTERS/Adriano Machado










