DVB Logo
Home
မြန်မာသတင်း
ပုသိမ်ထီး ဝယ်ယူသူ မရှိသဖြင့် ဈေးကွက်ပျက်ပြီး လုပ်ငန်းရှင်များ အခက်ကြုံ
DVB
·
February 5, 2024
ပုသိမ်ထီး ဝယ်ယူသူ မရှိသဖြင့် ဈေးကွက်ပျက်ပြီး လုပ်ငန်းရှင်များ အခက်ကြုံ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ထုတ်တဲ့ မြန်မာ့လက်မှုထုတ်ကုန် ပုသိမ်ထီးတွေကို ဝယ်ယူတဲ့သူ မရှိသလောက် ဖြစ်နေတာကြောင့် ဈေးကွက်ပျက်လုနီးပါး ဖြစ်နေပြီး ပုသိမ်ထီး လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ပုသိမ်ထီးတွေကို ကိုဗစ်-၁၉ ရောဂါ မဖြစ်ခင်အချိန်ကနဲ့ အာဏာမသိမ်းခင်က ပြည်တွင်းဈေးကွက်ဖြစ်တဲ့ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ပုဂံ၊ ညောင်ဦးနဲ့ ပြည်ပဈေးကွက်က အဝယ်ရှိခဲ့ပြီး လက်ရှိမှာတော့ အဲဒီဒေသတွေက ပုသိမ်ထီးကို လုံးဝ ဝယ်ယူမှုမရှိ ဖြစ်လာပြီး မြန်မာ့လက်မှုထုတ်ကုန် ပုသိမ်ထီးဈေးကွက်ဟာ ပျက်လုနီးပါး အခြေအနေအထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပုသိမ်ထီး လုပ်ငန်းရှင်တယောက်က “အရင်က ဝယ်လက်တွေ အရမ်းများတယ်၊ တင်ပို့ရတာတွေ လက်ကိုမလည်ဖြစ်ခဲ့တာ။ အခု ငုတ်တုတ်ကို မေ့နေတယ်။ နိုင်ငံရေး မကောင်းကတည်းက အလုပ်က အဆင်မပြေ ဖြစ်လာတာ။ ဒီနေ့အထိပဲဆိုပါတော့။ ပုသိမ်ထီးက အလှအပကို ဦးစားပေး ပြုလုပ်ထားတဲ့ မြန်မာ့ရိုးရာ လက်မှုထုတ်ကုန်ပစ္စည်းတခုပါ။ ပုသိမ်ထီးကို အမျိုးသမီး အများစုတော့ အလှူမင်္ဂလာ၊ ပွဲလမ်းသဘင်တွေမှာ ဖက်ရှင်တခုအနေနဲ့ အသုံးပြုဖို့ ဝယ်ယူတာပါ။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ကုမ္ပဏီတွေမှာ အလှဆင်ပစ္စည်းတွေအဖြစ် ထားရှိဖို့ ဝယ်တာလည်း ရှိခဲ့တယ်။ နိုင်ငံခြားခရီးသွားဧည့်သည်တွေကလည်း မြန်မာပြည်ပြန် လက်ဆောင်အဖြစ် ဝယ်ယူလေ့ရှိခဲ့တယ်။ အခုတော့ ပုသိမ်ထီးကို အရင်လို ဝယ်လက်တွေ မရှိဘူး ဖြစ်နေတယ်။ အရင်က တရက်တာ ရောင်းအား ၁၀ သိန်း အနည်းဆုံးရှိတယ်။ အခု ၁ ပတ်တာရောင်းအား ၁ သိန်းတောင် မနည်းဖြစ်နေတာ။ ရေရှည်မှာ ဝယ်လက်မရှိဖြစ်လာရင် ဈေးကွက်ပျက်တဲ့အထိ ဖြစ်လာပြီး တကယ်လို့ ဈေးကွက်ပျက်သွားရင်တော့ မြန်မာ့လက်မှုထုတ်ကုန်ပစ္စည်း ထုတ်လုပ်တဲ့သူတဦးအနေနဲ့ အတော့်ကို ရင်ထဲမကောင်းဘူး” လို့ ပြောပါတယ်။

ပုသိမ်ထီးလုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့ ထိခိုက်လာတဲ့အတွက် ပုသိမ်ထီးလုပ်ငန်းမှာ အဓိကကျတဲ့ ပုသိမ်ထီးရက်လုပ်တဲ့ ပညာရှင်တွေ၊ ထီးအကြမ်းထည်လုပ်သားတွေ၊ ပန်းချီ ပညာရှင်တွေ၊ ထီးလုပ်ဖို့အတွက် လိုအပ်တဲ့ ဝါးတွေကို စိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေ၊ ပုသိမ်ထီး တနိုင်တပိုင်ယူရောင်းတဲ့ ဖောက်သည်တွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပင်လယ်ကမ်းခြေမှာ ပုသိမ်ထီးရောင်းသူတယောက်က “ပုသိမ်ထီးက အရင် ၂၀၂၀ လောက်က အရမ်းအရောင်းအဝယ် ကောင်းခဲ့တာ။ အဲဒီအချိန်က ကမ်းခြေလာတဲ့သူမှန်သမျှ ပုသိမ်ထီးကို မဖြစ်မနေ ဝယ်သွားကြတာ။ အခုတော့ ကမ်းခြေလာတဲ့သူလည်း အရင်လိုမရှိဘူး။ လာတဲ့သူကလည်း ပုသိမ်ထီး မဝယ်ကြတော့ဘူး။ ပြည်ပဧည့်သည်ကလည်း လက်ချိုးရေလို့ ရတယ်။ ပုသိမ်ထီးလေး ယူရောင်းတာ  ငုတ်တုတ်မေ့နေတယ်။ အရင်က ပုသိမ်ထီးရောင်းလို့ တနေ့ ကိုယ့်အတွက် နှစ်သောင်းလောက် ကျန်တယ်၊ အဆင်ပြေခဲ့တယ်” လို့ ပြောပါတယ်။

ပုသိမ်ဒေသထွက် ပုသိမ်ထီးပြုလုပ်ရာမှာ သစ်၊ ထီးရိုး ဝါး၊ သရကူဝါး၊ တယ်သီး၊ ဖဲဖျင်၊ ပိတ်စ စတဲ့ ပြည်တွင်း ဒေသထွက် ပစ္စည်းတွေ အဓိကအသုံးပြုပြီး မြန်မာ့အနုပညာကို ဖော်ထုတ် ထားတဲ့ ဆေးဆိုးတာ၊ ပန်းချီရေးဆွဲတာတို့နဲ့ အလှဆင်ထားပြီး ထီးတချောင်းလုံးကို လက်နဲ့သာ ပြုလုပ်ရတာလို့ သိရပါတယ်။

ပုသိမ်ထီး ၄ လက်မမှ ၁၀ လက်မအရွယ်အစားအထိ ၁ ချောင်း ဈေးနှုန်းမှာ ငွေကျပ် ၃၀၀၀ ကနေ ၁ သိန်းကျော်အထိ အရွယ်အစားအလိုက် ဈေးနှုန်းကွာခြားမှုရှိပြီး ပုသိမ်ထီးကို ရဟန်းဆောင်းထီး၊ သီလရှင်ဆောင်းထီး၊ အလှဆောင်းထီး၊ မိုးရေခံထီး၊ အိမ်တော်ရာထီး စားပွဲတင်ထီး၊ မီးအိမ်ထွန်းထီး၊ ဟိုတယ် အလှဆင်ထီး၊ ကမ်းခြေသုံးထီး စတဲ့ ပုံစံအမျိုးမျိုး ပြုလုပ်ရောင်းချကြတာလို့ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ကတော့ ဒေသထွက်ကုန်တွေ တိုးမြှင့်ထုတ်လုပ်ကြဖို့ အကြိမ်ကြိမ် ပြောနေပေမဲ့ အကူအညီ ထောက်ပံ့ပေးတာတော့ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013