DVB Logo
Home
Lead Story
အကယ်ဒမီ ကြင်စိုး
DVB
·
February 5, 2024
အကယ်ဒမီ ကြင်စိုး
Donate to DVB

(က)

ရေနွေးကြမ်းဝိုင်းမှာ မအလများ၏ ‘အကယ်ဒမီပွဲအကြောင်း’ ပြောနေကြပါ၏။ ‘အဖြူရောင် ဘောမအနုပညာရှင်များ’ စုံလင်စွာ တက်ရောက်ကြတာ တွေ့ရ၍ မအလကြီး ခေတ္တခဏတော့ ကြည်နူးနေမှာ မြင်ယောင်သည်ဟု ဆိုကြပါလေ၏။

“ဒါပေမဲ့ ကြင်စိုးက သူကိုယ်တိုင် ပွဲကိုမတက်ရဲဘဲ ‘လက်ဖက်ခြောက်’ ကိုတက်ခိုင်းတယ်ကွ”

“သူက အလုပ်တွေတအားများတဲ့သူမို့ ဒီပွဲကို မတက်နိုင်တာပါ မူးသာရာ”

“ဒီမယ် စိမ်းမောင် . . မင်းတို့ကောင်ကြီး မအလက ‘ဒရုန်း’ ကြောက်လို့ မတက်တာ ဟကောင်ရ”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

အဘစိမ်းမောင် မျက်နှာကြီး မည်းသွား၏။ ပြီးတော့ မကျေမနပ်နှင့် ဘုကြည့် ကြည့်၏။ စစ်ပြန်ကြီး အဘလုံးတုံးက ပြုံးစိစိနှင့် ဝင်ပြောပါလေ၏။

“‘မအလဘုန်း မိုးသို့ချုန်း၊ ဒရုန်း ခေါင်းပေါ် ကျလတ္တံ့’ လို့တောင် စာချိုးရတော့မကွ စိမ်းမောင်ရ”

“ဟားဟား ဟားဟား ဟားဟား ဟား”

ကျန်သူအားလုံး လုံးဝ ပေါ့ပေါ့ပါးပါး ရယ်နေကြချိန်မှာ စိမ်းသရဖူစိမ်း အဘစိမ်းမောင်ကား သုန်မှုန်လျက်။ သူတို့အဘ မအလ အကယ်ဒမီပွဲ မတက်ရဲဘူးဆိုတဲ့ မှတ်ချက်ကို မကျေမနပ် ဖြစ်နေဆဲ။ ဘယ်လို တုံ့ပြန်ပြောဆိုရမလဲလည်း စဉ်းစားနေပုံပါ ခင်ဗျ။ ခဏနေတော့ ပြောပါ၏။

“မင်းတို့က မအလ . . . အဲလေ . . . . စကစ . . . အဲ . . . နစကဥက္ကဋ္ဌကြီးကိုဆိုရင် အကောင်းတကွက်မှ မပြောဘူး”

“ဒီမယ်စိမ်းမောင် . . မင်းတို့ကိုးကွယ်နေတဲ့အဘ မအလရဲ့ ကောင်းကွက်ကလေး တခုဖြစ်ဖြစ်၊ သူအောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့ အလုပ်ကလေး တခုဖြစ်ဖြစ် ပြောပြပါလား”

“အဲ . . . ဟို . . . အဝှာ . . . ဟိုဒင်း . .”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

“အေး . . . သူလုပ်နိုင်တာတခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာမပါတဲ့ ၆ လ သက်တမ်းကို လေးငါးခြောက်ကြိမ် မျက်နှာပြောင်တိုက်ပြီး တိုးနိုင်တာလေးပဲဟ”

“ဟား ဟား ဟား ဟား ဟား ဟား ဟား”

(ခ)

“မအလကြီး ဒရုန်းကြောက်လို့ ‘အကယ်ဒမီပွဲ’ မတက်ရဲဘူးဆိုတာ ငါတို့က နောက်တာပါ စိမ်းမောင်ရ”

“အေးပါဟ မူးသာရ. . . သူမတက်ရဲဘဲ ဘယ်နေမလဲ . . . သူက မြန်မာပြည်မှာ အလုပ်အများဆုံး ပုဂ္ဂိုလ်ဆိုတော့လည်း ပွဲတိုင်းတက်ဖို့ မလွယ်ဘူးလေကွာ”

“အေး . . ငါတို့ပြောတာက မအလကြီး အကယ်ဒမီပေးပွဲကို ဘာလို့မတက်တာလည်းဆိုတော့ ‘မျက်နှာပူလို့’ ဖြစ်မယ်”

“ဘာ . . . ဘယ်လို . . . ဘယ်လိုမျက်နှာပူစရာရှိလို့လဲ မူးသာရာ”

“ဒီလိုကွ စိမ်းမောင်ရ . . . အခုနှစ် မင်းသားဆုကို သူတို့ မအလမိသားစုရိုက်ခဲ့တဲ့ ‘စောင်နီလေးတစ်ထည်’ က ‘ရန်အောင်’ ကိုပေးမှာလို့ အစောကြီးကတည်းက အားလုံးကြိုသိနေကြတာလေကွာ”

“ဒီတော့ . . . . . .”

“ဒီတော့ ဒင်းက သူ့မိသားစုကုမ္ပဏီက စီစဉ်ရိုက်ကူးထုတ်လုပ်တဲ့ကားကို သူ တက်ရောက်ချီးမြှင့်ရမှာ မျက်နှာပူလို့ပေါ့ဟ”

“ဟားဟား ဟားဟား ဟားဟား . . .”

အဘစိမ်းမောင်ကား မျက်နှာကြီးမှုန်တေတေနှင့် မျက်စောင်းထိုးပါ၏။ အရွှင်အဘတွေကလည်း အသေ ‘ကြပ်’ တဲ့သူတွေဆိုတော့ကာ စကားဝိုင်းမှာ ရယ်နေရပါ၏။

“မြန်မာပြည်ရဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေး ‘နောက်ဆုံးတိုက်ပွဲ’ ကို GZ ကလေးတွေ အသက်နဲ့ ခန္ဓာကို ရင်းပြီး အသေအလဲ တိုက်ပွဲဝင်နေကြချိန်မှာ ‘ဘောမအနုပညာရှင်’ တွေက အဘတွေနဲ့ ‘ဟီးဟီးဟားဟား’ လုပ်ပြီး အကယ်ဒမီပွဲတွေ ဘာတွေ တပျော်တပါးကြီး တက်နေတယ်ဆိုတော့”

“ဒါပဲ မူးသာ . . . အခုအချိန်ဟာ ‘ညီအစ်ကိုမသိတသိ’ အချိန် မဟုတ်တော့ဘူး၊ သူဘာလဲ ငါဘာလဲ ဆိုတာ ကွဲကွဲပြားပြား ဖြစ်သွားပြီကွ”

“အမှန်ပဲ လုံးတုံးရေ . . . ဘေးကပ်ရက်အိမ် မီးလောင်နေတာကို မသိသလိုနေကြတာ ဆိုးဝါးလွန်းတဲ့ စိတ်ဓာတ်တွေပဲကွာ”

“ဟူး. . . . . . “

အရွှင်အဘများ၏ စကားများကို နားဆင်နေရင်းမှ အဘစိမ်းမောင်မှာ သက်ပြင်းကြီးတခု မှုတ်ထုတ်ပါလေ၏။ အဘလုံးတုံးက စကားဆက်ပါ၏။

“DSA အကယ်ဒမီကျောင်းဆင်း ‘တပ်ပြုန်းညီနောင်နှစ်ပါး’ ဖြစ်တဲ့ ‘ရွှေဖျင်းကြီး၊ ရွှေဖျင်းလေး’ ထဲက ညီတော် ‘ရွှေဖျင်းလေး’ ကိုတော့ ဒရုန်းစာမိမိ၊ ရှော့တိုက်ဒုန်းစာမိမိ သူ့ထိုက်နဲ့သူ့ကံဆိုပြီး အကယ်ဒမီပွဲကို လွှတ်လိုက်တဲ့ဉာဏ်တော့ မဆိုးပါဘူး”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

(ဂ)

“မင်းတို့မလည်း ‘အကယ်ဒမီပွဲ’ ထဲကကို မတက်တော့ဘူး”

“ဒီမယ် စိမ်းမောင် . . . ငါတို့က အံ့သြလို့ပါကွာ”

“ဘာကိုလဲ”

“မင်းစဉ်းစားကြည့်လေကွာ . . ရှေ့တန်းစစ်မြေပြင်တိုင်းမှာ မအလတပ်တွေ အကျအဆုံးများပြီး အလဲလဲအကွဲကွဲဖြစ် ငတ်ပြတ်နေကြချိန်မှာ သူတို့က သူတို့ဘောမတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို နိုင်ငံ့ဘဏ္ဍာငွေတွေကို သန်းနဲ့ချီဖြုန်းပြီး ကျင်းပနေတာ ရင်နာစရာ”

“ဟူး. . . . . . “

“ဒီကြားထဲ ‘ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲ’ ဆိုပြီး သူတို့ဘောမ လက်တဆုပ်စာ ပါတီလေးတွေနဲ့ ကြိတ်ကြံနေကြပြန်တယ်”

“ဟုတ်တယ်မူးသာ . . ဒီတပ်ပြုန်းညီနောင်တွေဟာ သူတို့ ‘အကယ်ဒမီကျောင်း’ က ဘာတွေသင်ကြားလာတယ်မသိဘူး၊ ခုချိန်အထိ ဆင်ကန်းတောတိုး လုပ်နေကြတုန်း”

အဘစိမ်းမောင်ကား သူခြုံလာသည့် စောင်နီလေးကို ပြန်ပြင်၍ခြုံပြီး ပြန်ရန်ပြင်ကာ ဖင်တကြွကြွ ဖြစ်နေပါလေ၏။ ဒီကနေ့စကားဝိုင်းကို ခေါင်းစဉ်တပ်ရမည်ဆိုပါက ‘အကယ်ဒမီစကားဝိုင်း’ ဟုသာ ဖြစ်ပါပေလိမ့်မည်။

အဘစောမူးသာလည်း စကားဝိုင်းကို လက်စသတ်တော့မည့်ပုံပါလေ။ အဘလုံးတုံးနှင့် ဖေကြီးတို့ကို ပြုံးစိစိနှင့်ကြည့်ကာ ပြောလာသည်ကား “ဒီနှစ် အကယ်ဒမီဆုကို တကယ်တမ်းရသင့်သူဟာ ကြင်စိုး သာဝ မအလကွ” ပါတဲ့ ခင်ဗျ။”

“သူက ဘာတွေတော်နေလို့ အကယ်ဒမီပေးရမှာလဲကွ” ဟု အဘလုံးတုံးက ပြန်မေးပါလေ၏။

“သူက ‘တော်’ လို့ ရမှာမဟုတ်ဘူးလေကွာ၊ သောက်ရမ်း ‘ညံ့’ လို့ ရမှာ”

“ဟေ . . . ဘယ် . . . ဘယ်လို”

“နိုင်ငံတကာမှာ ရှိတယ်လေကွာ . . . အကောင်းဆုံးဖန်တီးနိုင်သူတွေကို အကောင်းဆုံး အကယ်ဒမီဆု ပေးသလိုပဲ၊ အညံ့ဖျင်းဆုံး ဖန်တီးခဲ့သူတွေကိုလည်း ‘အညံ့ဖျင်းဆုံး အကယ်ဒမီဆု’ ပေးနေကျလေကွာ”

“အိုး ဟိုး . . . ဒီလိုကိုး . . .”

“ဒါကြောင့်မို့ မြန်မာပြည်သမိုင်းမှာ အညံ့ဖျင်းဆုံး ဖက်ဆစ်အာဏာရှင် ကြင်စိုး သာဝ မအလ ကို ‘တသက်သာ မထူးချွန်အကယ်ဒမီ’ ဆု ပေးအပ်ချီးမြှင့်ဖို့ပါတဲ့ ခင်ဗျား”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013