DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေး၊ စစ်ရေးအရှိန် ပိုကောင်းအောင်လုပ်ကြရန် ပြည်ထောင်စုလွှတ်တော် တိုက်တွန်း 
DVB
·
February 3, 2024
နိုင်ငံရေး၊ စစ်ရေးအရှိန် ပိုကောင်းအောင်လုပ်ကြရန် ပြည်ထောင်စုလွှတ်တော် တိုက်တွန်း 
Donate to DVB

ပြည်သူ့နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ပြီးမြောက်နိုင်ရေး ဗျူဟာမြောက် ပူးပေါင်းပြီး နိုင်ငံရေး၊ စစ်ရေးအရှိန် ပိုအားကောင်းအောင်လုပ်ကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးကို ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့က ကျင်းပတဲ့  ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေး၊ ဒုတိယနေ့မှာ ဆုံးဖြတ်အတည်ပြုတာဖြစ်ပြီး နိုင်ငံတကာအနေနဲ့လည်း အရပ်သား အုပ်ချုပ်ရေးစနစ် ပိုပြီး ခိုင်ခိုင်မာမာ အကောင်အထည်ဖော်နိုင်ဖို့ ဒီမိုကရေစီ အင်အားစုတွေကို ငွေကြေးနဲ့ နည်းပညာအကူအညီတွေ အမြန်ဆုံး ပံ့ပိုးကူညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ပြည်သူတွေ မျှော်လင့်ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်ရေး ရည်မှန်းချက်ဟာ အာဏာသိမ်းစစ်အုပ်စုကို ပထမဆုံး ဖယ်ရှားနိုင်မှ မြန်မြန် အကောင်အထည်ဖော်နိုင်မှာဖြစ်ပြီး အဲဒီအတွက် နိုင်ငံရေးအင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေေနဲ့ တိုင်းရင်းသားအင်အားစုတွေ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်တာ အထူးလိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိတော်လှန်ရေး အမြန်ဆုံး ပြီးမြောက်နိုင်ရေးအတွက် စုပေါင်းအင်အား ဖော်ဆောင်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေး အင်အားစုတွေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်နိုင်ခဲ့တဲ့ ‘စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့တွေရဲ့ ဘုံသဘောထား ရပ်တည်ချက်’ အတွက်လည်း ဝမ်းမြောက်ကြိုဆိုတယ်လို့ ဆိုပါတယ်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အတူရပ်တည်ပေးနေတဲ့ နိုင်ငံတကာ ပါလီမန်များအဖွဲ့၊ ဥရောပပါလီမန်၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့၊ နိုင်ငံတကာလွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့တဲ့ နိုင်ငံတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းတာ အပါအဝင် နိုင်ငံတဝန်းကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ဆက်လက် ကန့်ကွက်ရှုတ်ချပြီး စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး တရားဝင်မှု ရအောင် ကြိုးစားတာ အပါအဝင် တခြား ဘယ်နည်းနည်းနဲ့ဖြစ်ဖြစ် နိုင်ငံတော်အာဏာကို ရယူဖို့ ကြိုးပမ်းတာအားလုံးကိုလည်း ဆက်ပြီး ကန့်ကွက်သွားမယ်လို့ ဆုံးဖြတ် ထုတ်ပြန်ထားပါတယ်။

လက်ရှိ ပြည်သူ့နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးမြောက်နိုင်ရေး ဗျူဟာမြောက် စုစည်းညီညွတ်ပူးပေါင်းပြီး လက်ရှိ နိုင်ငံရေး၊ စစ်ရေး အရှိန်အဟုန် ပိုမိုအားကောင်းအောင် ဆောင်ရွက်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးကိုလည်း တိုက်တွန်းပါတယ်။

အရပ်သားအစိုးရခေါင်းဆောင်တွေ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အမြန်ဆုံးလွတ်မြောက်ရေးနဲ့ ရိုဟင်ဂျာလူမျိုးတွေ အပါအဝင် မြန်မာပြည်သူတွေဆီကို ထိရောက်တဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့ကိုလည်း  ကုလသမဂ္ဂ၊ အာဆီယံနဲ့ ကမ္ဘာ့နိုင်ငံတွေကို ထပ်ပြီး တောင်းဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ တရားစီရင်နိုင်ရေးနဲ့ အကြမ်းဖက်မှုတွေ အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် အကြမ်းဖက် စစ်ကောင်စီအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး စတဲ့ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ ပိုပြီး ဖိအားပေးဖို့ကိုလည်း နိုင်ငံတကာ အသိုက်အဝန်းကို ဆက်လက် တောင်းဆိုပါတယ်။

တရားမဝင် အာဏာသိမ်းစစ်ကောင်စီအပေါ် ခုခံတွန်းလှန်တာတွေဟာ သိသာထင်ရှားတဲ့ ရလဒ်တွေရရှိနေတဲ့ ဒီအချိန်မှာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အရပ်သားအုပ်ချုပ်ရေးစနစ် ပိုပြီး ခိုင်ခိုင်မာမာ အကောင်အထည်ဖော်နိုင်ဖို့  ဒီမိုကရေစီအင်အားစုတွေကို ငွေကြေးနဲ့ နည်းပညာအကူအညီတွေ အမြန်ဆုံး ပံ့ပိုးကူညီပေးဖို့လည်း တောင်းဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်နေ့က ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၁၆ ယောက် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013